DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဖမ်းဆီးထားသည့် ဇီးကုန်းကျေးရွာသား စစ်ကြောရေး၌ သေဆုံး
DVB
·
November 13, 2021
စစ်ကောင်စီ ဖမ်းဆီးထားသည့် ဇီးကုန်းကျေးရွာသား စစ်ကြောရေး၌ သေဆုံး
Donate to DVB

စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးသွားတဲ့ နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာက ကျေးရွာသား ကိုကျော်ဆန်းဦး နိုဝင်ဘာ ၁၂ ရက်မှာ သေဆုံးသွားကြောင်း မိသားစုဆီ အကြောင်းကြားလာခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူက DVB ကို ပြောပါတယ်။

သုံးဘီးဆိုင်ကယ်မောင်းနှင်တဲ့ ကိုကျော်ဆန်းဦးကို စစ်ကောင်စီက အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လမ်းကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဘာကြောင့်ဖမ်းခေါ်သွားမှန်း မသိရဘူးလို့ ဆိုပါတယ်။

ကိုကျော်ဆန်းဦးကို ဖမ်းခေါ်သွားပြီး ရွာတော်စစ်ကြောရေးမှာ ၂ ပတ်နီးပါး စစ်ဆေးပြီးတဲ့အခါ ပုဗ္ဗသီရိမြို့နယ်ထဲက ထုံးဘိုရဲစခန်းကို ပြန်လည်လွှဲပြောင်းကာ အမှုဖွင့်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်က ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် အပြန်မှာ ရဲစခန်းကို မခေါ်လာဘဲ စစ်ကြောရေးကို တစ်ခါပြန်လည်ခေါ်ဆောင်သွားပြီး စစ်ဆေးရာကနေ နိုဝင်ဘာ ၁၂ ရက်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဆီကို အကြောင်းကြားလာတာပါ။ 

“တရားရုံးကအပြန် စစ်ကြောရေးကို ခေါ်သွားပြီး ထပ်စစ်တယ်။ မနက်ကျတော့ ကွယ်လွန်သွားပြီဖြစ်လို့ သင်္ဂြိုဟ်ဖို့ မိသားစုကိုလာခဲ့ပါလို့ ဖုန်းဆက်တယ်။ အဲဒါနဲ့ မိသားစုတွေက အရပ်သားတွေ သင်္ဂြိုဟ်တဲ့ ပုဗ္ဗသီရိ မြို့နယ်ထဲက ဂွေ့ကြီး သုသာန်ကို သွားတယ်။ သွားတော့မတွေ့ဘူး။ ထပ်မေးတော့မှ စစ်သင်္ချိုင်းမှာ သင်္ဂြိုဟ်တယ်လို့ ပြောတယ်။ အဲဒီအထိတော့ မိသားစုဝင် အနည်းငယ်ပဲ  လိုက်သွားတယ်” လို့ မိသားစုနဲ့နီးစပ်သူက ဖြစ်စဉ်ကို ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် ကိုကျော်ဆန်းဦးဟာ စစ်ကောင်စီဖမ်းဆီးထားတဲ့ ဇီးကုန်းကျေးရွာသား ၂၀ ကျော်ထဲက တစ်ယောက်ဖြစ်ပြီး သူဟာ  အရင်က NLD ပါတီ အောင်နိုင်ရေးလုပ်ငန်းအချို့မှာ ပါဝင်ဖူးခဲ့သလို  ပါတီထောက်ခံတဲ့သူဖြစ်တယ်လို့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။

“သူ(ကိုကျော်ဆန်းဦး)က သူ့မိသားစုကို အရမ်းဂရုစိုက်တဲ့သူပါ။ NLD အောင်နိုင်ရေးလုပ်ငန်းစဉ် တချို့မှာ ပါဝင်ဖူးပေမယ့် စစ်အာဏာသိမ်းပြီးတဲ့နောက် ဘာမှ မလုပ်ဘူး။ ဒါကို အကြောင်းမဲ့ ဖမ်းသွားတာ ဖြစ်ပါတယ်။” 

ကိုကျော်ဆန်းဦးကို တရားစွဲဆိုထားတဲ့ ပုဒ်မကို မိသားစုဝင်တွေသာ သိရှိပြီး လက်ရှိအချိန်မှာ မိသားစုဟာ ပူဆွေးမှုတွေကြောင့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိသေးသလို ကိုကျော်ဆန်းဦးရဲ့ ယောက်ခမ ကလည်း လွန်ခဲ့တဲ့ ၂ ပတ်က စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံထားရတယ်လို့သိရပါတယ်။

https://www.facebook.com/photo?fbid=3181731205391378&set=gm.456823129202688
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013