DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယား ကာကွယ်ရေးနည်းပညာကုမ္ပဏီက အလိုအလျောက် ကာကွယ်ရေးစနစ်များ ပြသ 
DVB
·
April 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

နိုင်ဂျီးရီးယား ကာကွယ်ရေးနည်းပညာ တက်သစ်စကုမ္ပဏီတခုဖြစ်တဲ့ Terra Industries ဟာ ဧပြီ ၂၇ ရက်မှာ အဆင့်မြင့် စစ်ဘက်အရာရှိတွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ သရုပ်ပြပွဲမှာ ကြားဖြတ်ဟန့်တားရေးဒရုန်းတွေ၊ မိုင်းရှာဖွေရေးယာဉ်တွေနဲ့ စစ်မြေပြင် သတင်းအချက်အလက် ဆော့ဖ်ဝဲလ်တွေ အပါအဝင် အသစ်စက်စက် အလိုအလျောက် ကာကွယ်ရေးစနစ်တွေကို ပြသခဲ့ပါတယ်။

ဒီပွဲဟာ ကုမ္ပဏီအတွက် စီးပွားရေးလုပ်ငန်းသုံး အခြေခံအဆောက်အအုံ လုံခြုံရေးကနေ နိုက်ဂျီးရီးယားစစ်တပ်အတွက် တိုက်ရိုက် စစ်ဘက်အသုံးချမှုကို ကူးပြောင်းလိုက်တာလည်း ဖြစ်ပါတယ်။

ပြသမှုထဲမှာ လက်လုပ်မိုင်း (IEDs) တွေကို ရှာဖွေနိုင်တဲ့ မြေပြင်သုံး မောင်းသူမဲ့ယာဉ်တွေလည်း ပါဝင်ခဲ့ပြီး လက်ရှိ အရှေ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်း ဒေသတွေမှာ လက်လုပ်မိုင်း အန္တရာယ်တွေနဲ့ အမြဲတမ်း ရင်ဆိုင်နေရတာဲ့ နိုင်ဂျီးရီးယား စစ်တပ်အတွက် အရေးကြီးတဲ့ စွမ်းရည်တခု ဖြစ်ပါတယ်။

ဒါ့အပြင် Terra Industries ဟာ ရန်သူ့လေကြောင်း ခြိမ်းခြောက်မှုတွေကို ဈေးကြီးတဲ့ ဒုံးကျည်စနစ်တွေအစား တိုက်ရိုက်ဝင်တိုက်ပြီး ဖျက်ဆီးမဲ့ ကြားဖြတ်ဟန့်တားရေး ဒရုန်းတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။

ဒီစနစ်တွေကို နိုင်ဂျီးရီးယားစစ်သားတွေ ရင်ဆိုင်နေရတဲ့ စစ်မြေပြင်က အခက်အခဲတွေအတွက် အထူးရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပြီး အထူးသဖြင့် လက်လုပ်မိုင်းတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သေဆုံးမှုအများဆုံး ဖြစ်စေတဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကုမ္ပဏီကို အသက် ၂၂ နှစ်အရွယ် နာသန် နွာချူကူနဲ့ အသက် ၂၄ နှစ်အရွယ် မက်ခ်စ်ဝဲလ် မာဒူကာ တို့က တည်ထောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီသက်တမ်း ၂ နှစ်ပဲ ရှိပါသေးတယ်။

ဒီနှစ်အစောပိုင်းမှာ လပ်ခ်စ် ကက်ပီတယ်လ်နဲ့ 8VC အပါအဝင် ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေါ်လာ ၃၄ သန်း ရရှိထားပါတယ်။

Terra Industries ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နိုက်ဂျီးရီးယားအစိုးရပိုင် ကာကွယ်ရေး စက်မှုကော်ပိုရေးရှင်းနဲ့ ဖက်စပ်လုပ်ကိုင်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ဂါနာနိုင်ငံမှာ စတုရန်းပေ  ၃၄,၀၀၀ ကျယ်ဝန်းတဲ့ ဒရုန်းထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်ဖို့လည်း ကြေညာထားပါတယ်။

အဲဒီစက်ရုံကို ဇွန်လအတွင်း စတင်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကုမ္ပဏီဟာ လက်ရှိအချိန်မှာ အာဖရိကတလွှားရှိ ဒေါ်လာ ၁၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ အခြေခံအဆောက်အအုံတွေကို လုံခြုံရေး တာဝန်ယူပေးနေတယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013