
ရှေ့လမှာ ကျင်းပမဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေး မတိုင်မီ လူထုစုဝေးမှုတွေအတွက် ကန့်သတ်ချက်တွေကို တူရကီအစိုးရက ချမှတ်ပြီး တရက်အကြာ ဇွန် ၂၃ ရက်မှာ တူရကီအာဏာပိုင်တွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွေအတွင်း လူ ၂၀၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
တူရကီနိုင်ငံမှာ ဒီစီးနင်းမှုတွေရဲ့ တစိတ်တပိုင်းက ဒီမိုကရေစီနဲ့ နိုင်ငံသား လွတ်လပ်ခွင့်တွေကို ပိုကျယ်ကျယ် ပြန့်ပြန့် နှိမ်နင်းခြင်းလို့ အတိုက်အခံအဖွဲ့တွေက ခေါ်ဆို ပြောကြားခဲ့ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အဲ့စ် စစ်သွေးကြွတွေနဲ့ အစွန်းရောက်လက်ဝဲအဖွဲ့တွေ ဖြစ်တဲ့ DHKP-C၊ MLKP နဲ့ TKP/ML အဖွဲ့တွေ အပါအဝင် စစ်သွေးကြွအဖွဲ့အစည်း အများအပြားကို စုံစမ်းစစ်ဆေးနေတဲ့ သံသယရှိသူ ၂၄၁ ယောက်အတွက် ဖမ်းဝရမ်းတွေ ထုတ်ပြန်ထားတယ်လို့ တူရကီ အစိုးရရှေ့နေချုပ်ရုံးက ပြောပါတယ်။
သံသယ ရှိသူ ၂၀၉ ယောက်ကို ဖမ်းဆီးထားပြီး ကျန်နေသေးတဲ့ သံသယရှိသူတွေကို ရှာဖို့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
အစိုးရရှေ့နေရုံးနဲ့ တရားရေးဝန်ကြီးဌာနတို့က မှတ်ချက်ပေးဖို့ ချက်ချင်းဆက်သွယ်လို့ မရသေး ပါဘူး။
ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တို့မှာ ကျင်းပမဲ့ NATO ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်တဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ကိုးကားပြီး တူရကီအစိုးရ အုပ်ချုပ်ရေးမှူးရုံးက ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ဆန္ဒပြပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေနဲ့ တခြားလူထုစုဝေးမှုတွေကို ၁၃ ရက် ကြာ ပိတ်ပင်တယ်လို့ ကြေညာပြီးတဲ့နောက် တရက်အကြာမှာ စစ်ဆင်ရေးတွေ ပေါ်ပေါက် လာတာ လည်း ဖြစ်ပါတယ်။
Source:Reuters










