DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် လွှတ်တော်အမတ်၏ နေအိမ်အပါအဝင် နေရာ ၁၀ ခု ထပ်မံချိပ်ပိတ်ခံရ
DVB
·
November 12, 2021
မကွေးတိုင်းတွင် လွှတ်တော်အမတ်၏ နေအိမ်အပါအဝင် နေရာ ၁၀ ခု ထပ်မံချိပ်ပိတ်ခံရ
1 / 6
Donate to DVB

မကွေးတိုင်းမှာ အမျိုးသားလွှတ်တော်အမတ်ရဲ့နေအိမ်အပါအဝင် အန်အယ်လ်ဒီပါတီဝင်တွေ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေရဲ့နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁၀ ရက် နဲ့ ၁၁ ရက်နေ့တွေက ထပ်မံချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြိုင်မြို့မှာရှိတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေရဲ့ နေအိမ်၊ စတိုးဆိုင်နဲ့ ဖုန်းဆိုင်တွေကိုချိပ်ပိတ်သွားပြီး ပခုက္ကူမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ဦးသက်ကြူနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းတို့ရဲ့ နေအိမ်တွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ မတရားချိပ်ပိတ်သွားကြတယ်လို့ သိရပါတယ်။

''ဆိုင်နဲ့အိမ်ပါချိပ်ပိတ်လိုက်ကြတယ်။ PDF တွေကို ထောက်ပံ့လို့ဆိုပြီး မတရားစွပ်စွဲတာပေါ့။ အိမ်နဲ့ဆိုင်ထဲက ရှိသမျှငွေတွေ၊  ရွှေတွေလည်း စစ်ကောင်စီတပ်သားတွေက အကုန်သယ်သွားကြတယ်" လို့ ဦးကျော်ဆွေရဲ့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ကံမမြို့နယ်က NLD သတင်းနှင့်ပြန်ကြားရေး ဦးတင့်ဇော် နဲ့ သရက်ခရိုင် NLD အတွင်းရေးမှူး ဒေါ်ဥမ္မာလှိုင် တို့ရဲ့ နေအိမ်တွေဟာလည်း နိုဝင်ဘာ ၁၁ ရက်နေ့မှာ ချိပ်ပိတ်ခံရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

''PDF အဖွဲ့အစည်း နဲ့ ပတ်သက်ဆက်စပ်တယ်လို့ မတရားစွပ်စွဲအကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီက မတရားသိမ်းပိုက်ချိပ်ပိတ်သွားတာဘဲ” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကတော့  စေတုတ္တရာမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး နဲ့ NLD ပါတီမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိန်ကျော်လှိုင် တို့ရဲ့နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီက မတရားချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာက ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကိုဇော်မင်းထိုက်ရဲ့ နေအိမ်ကိုလည်း နိုဝင်ဘာ ၁၁ ရက် နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

“နိုဝင်ဘာ ၁၁ ရက်နေ့က ရဲနဲ့စစ်သားတွေ ဒုတိယအကြိမ် ထပ်မံဝင်ရောက်ပြီး ပိုင်ရှင်ခွင့်ပြုချက်မရပဲ ကျူးကျော်ဝင်ရောက်ကာချိပ်ပိတ်သွားပါတယ်။ ပထမအကြိမ်ဝင်ရောက်တုန်းအခါကလည်း စလောင်းနဲ့ လျှပ်စစ်ပစ္စည်းအချို့ ငွေကျပ်သိန်းလေးဆယ်ကျော် နဲ့ရွှေတွေ ခိုးယူခံခဲ့ရပြီး ပျောက်ဆုံးမှုရှိခဲ့ပါတယ်။ သိန်းရာနဲ့ချီစုထားတဲ့ ဘဏ်စာအုပ်လည်းပျောက်ဆုံးသွားခဲ့ပါတယ်။ အခု ဒုတိယအကြိမ်တော့ ဘာတွေဆက်လက်ခိုးယူသွားလည်းမသိရသေးဘူး” လို့ ကိုဇော်မင်းထိုက်က  ရှင်းပြပါတယ်။

နေအိမ်ချိပ်ပိတ်ခံရသူတွေဟာ အကြမ်းဖက်စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ မတရားဖမ်းဝရမ်းထုတ်ထားလို့ တိမ်းရှောင်နေရသူတွေလည်း ဖြစ်ပါတယ်။

''မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်အားလုံးတိုင်းဟာ ဘာတခုမှ ဥပဒေနဲ့အညီဆိုတာမရှိဘူး'' လို့ ဥပဒေပညာရှင် လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပြောဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် ပြည်သူတွေရဲ့နေအိမ်နဲ့ စျေးဆိုင်တွေကို အကြမ်းဖက်စစ်ကောင်စီက မတရားချိပ်ပိတ်သိမ်းဆည်းတာ ၁၉ နေရာရှိပြီလို့ ဒီဗွီဘီက စုံစမ်းသိရှိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံအနှံ့ NLD ပါတီအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင် ၅၀၀ နီးပါးကို မတရားဖမ်းဆီးချုပ်နှောင်ထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013