
နာမည်ကြီး ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အဝတ်အထည်ကို အော်ဒါယူ ချုပ်လုပ်နေတဲ့ မြန်မာပြည်တွင်းက စက်ရုံတွေ ဆက်တိုက်ပိတ်သိမ်းတာတွေ ရှိလာနေတယ်လို့ အလုပ်သမားတွေနဲ့ အထည်စက်ရုံလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။
ပြည်တွင်းမှာ လုပ်သားအင်အား အများဆုံးသုံးပြီး ဖွင့်လှစ်လည်ပတ်ခဲ့တဲ့ ထန်းတပင်မြို့နယ်က Teng Hui အထည်ချုပ်စက်ရုံကို အခုလကုန်မှာ ပိတ်သိမ်းမယ်လို့ အဲဒီစက်ရုံ တာဝန်ရှိသူတွေက တရားဝင် အသိပေးလာတာ ဖြစ်ပါတယ်။
Teng Hui အထည်ချုပ်စက်ရုံက ဆွီဒင်အခြေစိုက် ကုန်အမှတ် H&M အဝတ်အထည်တွေကို အော်ဒါယူ ချုပ်နေတာဖြစ်ပြီး အော်ဒါအသစ် ထပ်မရတော့တာကြောင့် ပိတ်သိမ်းရမဲ့ အခြေအနေ ရောက်လာတာလို့ စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို အသိပေးပြောပါတယ်။
အဲဒီစက်ရုံက လုပ်သက်ရင့် အလုပ်သမားတယောက်က “ရသင့်ရထိုက်တဲ့ နစ်နာကြေး ပေးမယ် လို့တော့ စက်ရုံဘက်က ပြောတယ်။ နောက်အလုပ်ထပ်ရဖို့က မလွယ်ဘူးလေ” လို့ ပြောပါတယ်။
အလုပ်သမား ၃,၀၀၀ လောက်နဲ့ ဖွင့်လှစ် လည်ပတ်ခဲ့တဲ့ Teng Hui စက်ရုံ ပိတ်သိမ်းတာမတိုင်ခင် အလားတူ H&M အထည်ချုပ်တဲ့ ရွှေပြည်သာမြို့နယ်က Kingrich စက်ရုံလည်း ဇွန်လမှာ ပိတ်သိမ်းခဲ့ပါတယ်။
Kingrich စက်ရုံဘက်က ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကြောင့် ဆက်လက်ဖွင့်လှစ်ဖို့ မဖြစ်နိုင်တော့ တာလို့ အသိပေး ထုတ်ပြန်ခဲ့ပေမဲ့ အဓိကအကြောင်းအရင်းမှာ H&M က အော်ဒါ ထပ်မချ ပေးတော့တဲ့အတွက် ဖြစ်ကြောင်း ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
အထည်ချုပ်သမဂ္ဂ ခေါင်းဆောင်တယောက်က “အော်ဒါဖြတ်လိုက်တာက ကြာပြီ၊ လက်ကျန်တွေ ပြီးအောင် ချုပ်လုပ်ပြီးတော့မှ ပိတ်တာ။ အခုတရုံလည်း အလားတူပဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံက Kingrich အထည်ချုပ်စက်ရုံ ပိတ်သိမ်းချိန်က အလုပ်အကိုင်ဆုံးရှုံးမှု မဖြစ်ရအောင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖွင့်ထားတဲ့ သူတို့စက်ရုံတွေ လိုက်ပါလုပ်ချင်ရင် ခွင့်ပြုပေးသွားမယ် ဆိုပြီး ကမ်းလှမ်းခဲ့တာရှိပေမဲ့ လိုက်သွားသူ ရှိ၊ မရှိ ကိုတော့ မသိရပါဘူး။
အဲဒီပိတ်သိမ်းလိုက်ရတဲ့စက်ရုံတွေကို အဓိကအော်ဒါချပေးတဲ့ H&M ကုန်အမှတ်တံဆိပ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနဲ့အတူ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်နေတာကြောင့်ဆိုပြီး သူတို့ရဲ့ ထုတ်ကုန်စံနှုန်းအရ လုပ်ငန်းအပ်နှံတာ ရပ်နားမှာဖြစ်ကြောင်း ၂၀၂၃ သြဂုတ်လမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်အခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်နဲ့ အဝတ်အထည်လုပ်ငန်းဖြစ်တဲ့ H&M က ဗြိတိန်လူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အစီရင်ခံစာ ထုတ်လိုက်ပြီးနောက် အခုလို ဆုံးဖြတ်လိုက်တာပါ။
အဲဒီလိုကြေညာပြီး ၃ နှစ်အကြာမှာ H&M ဆီက လက်ကျန်အော်ဒါ ပြီးပြတ်အောင် ချုပ်လုပ်ပြီးတဲ့ စက်ရုံတွေ ပိတ်သိမ်းလာကြတာဖြစ်သလို နောက်ထပ် ရိုက်ခတ်မှုတွေ ရှိလာနိုင်သေးတယ်လို့ ပြည်တွင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို ရည်ညွှန်းကာ H&M အပြင် တခြား ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေဖြစ်တဲ့ Inditex၊ Primark၊ Marks & Spencer တွေကလည်း လုပ်ငန်းအပ်နှံတာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။











