
မြန်မာ့ရိုးရာ အတာသင်္ကြန် နီးကပ်လာပေမဲ့ နေပြည်တော်မှာ သင်္ကြန်ရေကစားစရာပစ္စည်းတွေ အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ သင်္ကြန်ရေကစားပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပုံမှန်သင်္ကြန်ကာလမတိုင်မီ နေပြည်တော်မှာ ဧပြီလဆန်းကစတင်ပြီး သင်္ကြန်ရေကစားစရာ ပစ္စည်းတွေ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ အခုနှစ် ဧပြီ ဒုတိယအပတ်အထဲအထိ ရောက်လာပေမဲ့ သင်္ကြန်ရေကစားစရာပစ္စည်းတွေကို အရောင်းအဝယ် မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
နေပြည်တော်မြို့မဈေးက သင်္ကြန်ရေကစားစရာပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ပြီးခဲ့တဲ့နှစ်က ငလျင်ဒဏ်ကြောင့် သင်္ကြန်ပွဲကို ကောင်းကောင်းမလုပ်နိုင်ပေမဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အခုနှစ်တော့ လုံးဝအဝယ်မရှိသလောက်ကို ဖြစ်နေတာ။ ပစ္စည်းတွေကို အခက်အခဲတွေနဲ့ တင်သွင်းခဲ့ရတာ။ အရောင်းအဝယ်မရှိတော့ ငုတ်တုပ်ကို မေ့နေတယ်။ ဈေးတွေ ထိုးတက်တာနဲ့ ကျပ်တည်းနေတဲ့ ငွေကြေးအခက်အခဲတွေကြောင့်လို့ ယူဆတယ်” လို့ ပြောပါတယ်။
သင်္ကြန်ကစားစရာပစ္စည်းတွေ အများစုကို တရုတ်နဲ့ ထိုင်းနိုင်ငံဘက်က တဆင့် နေပြည်တော်ကို တင်သွင်းရောင်းချပြီး လက်ရှိ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ သင်္ကြန်ရေကစားစရာပစ္စည်းတွေဟာ အီရန်နဲ့ အစ္စရေးစစ်ပွဲ မတိုင်ခင်အချိန်ကတည်းက တင်သွင်းထားတဲ့ ပစ္စည်းတွေဖြစ်ပြီး စစ်ပွဲဖြစ်ပြီးနောက် အသစ်မတင်သွင်းနိုင်ဘူးလို့ ဆိုပါတယ်။
နေပြည်တော်နေ အမျိုးသမီးတယောက်က “ကလေးတွေကတော့ ဝယ်ခိုင်းတယ်၊ မဝယ်နိုင်ဘူး။ အရင်က ၇,၀၀၀ လောက်ရှိတဲ့ ကစားစရာပစ္စည်းတခုက အခု ၂၀,၀၀၀ လောက် ဖြစ်သွားတယ်။ ဈေးတွေကလည်း တက်နေသလို ပစ္စည်းတခု လိုက်ရှာဝယ်ဖို့က အပြင်မထွက်ရဲသလောက်ပဲ။ စက်သုံးဆီဈေးနဲ့က အဆင်မပြေဘူး။ အဆမတန် ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ကလေးတွေကို အရင်လို သင်္ကြန်ကစားစရာပစ္စည်းတွေ မဝယ်ပေးနိုင်ဘူး” လို့ ပြောပါတယ်။
နေပြည်တော်မှာ သင်္ကြန်ကစားစရာပစ္စည်းတွေ အရောင်းအဝယ် မဖြစ်ပေမဲ့ ပုံမှန် ကျပ် ၄,၀၀၀ ကနေ ၅,၀၀၀ ရှိတဲ့ ပစ္စည်းတခုကို ကျပ် ၁၂,၀၀၀ နဲ့ ပုံမှန် ၈,၀၀၀ နဲ့ ၇,၀၀၀ ရှိတဲ့ပစ္စည်းတခုကို ကျပ် ၂၀,၀၀၀ အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်တပ်က အာဏာမသိမ်းခင်အချိန်က နေပြည်တော်ဈေးကွက်ကနေ သင်္ကြန်ကာလမတိုင်ခင် အချိန်ကတည်းက စတင်ပြီး နယ်မြို့တွေနဲ့ ကျေးရွာတွေကတဆင့် မှာယူ ပြန်လည်ရောင်းချတဲ့သူတွေ ရှိခဲ့ပေမဲ့ အခုနှစ်မှာ နယ်ကမှာယူပြီး တဆင့်ရောင်းချတာမျိုးတွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။
အခုလို ဈေးအရောင်းအဝယ်တွေ ကျဆင်းနေတာဟာ စစ်ကောင်စီရဲ့ တင်းကျပ်တဲ့ ယာဉ်စီးခွင့် စုံ/မ ကန့်သတ်ချက်တွေ၊ စက်သုံးဆီဈေးတက်တာတွေနဲ့ ဒေသခံတွေရဲ့ ထွက်ကုန် စပါးနဲ့ ပဲတွေ ဈေးကျဆင်းနေတဲ့ အချက်တွေကြောင့်လည်း ပါတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် မနှစ်က မကျင်းပနိုင်ခဲ့တဲ့ မြန်မာရိုးရာ အတာသင်္ကြန်ကို စစ်ကောင်စီက နိုင်ငံတော်အဆင့် ကျင်းပဖို့ ပြင်ဆင်နေပြီး ဗဟိုမဏ္ဍပ် အပါအဝင် မဏ္ဍပ်အများအပြားကို မတ် ဒုတိယအပတ်ကတည်းက တည်ဆောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











