ပီရူးနိုင်ငံ အလယ်ပိုင်း တောင်တန်းဒေသမှာ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၁ နဲ့ ၃ ဒသမ ၇ ရှိတဲ့ ငလျင် ၂ ကြိမ် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ငလျင်ကြောင့် အိမ်ခြေ ၅၂ လုံး ပျက်စီးခဲ့ရတယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး စာသင်ကျောင်း ၄ ကျောင်း၊ ကျန်းမာရေးဌာန ၃ ခုနဲ့ လျှပ်စစ်မီး ပေးဝေမှုတွေလည်း ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒရုန်းရုပ်သံ မှတ်တမ်းတွေအရ ဒီငလျင်ကြောင့် ကျေးလက်ဒေသတွေမှာ ထိခိုက်ပျက်စီးမှု အကြီးအကျယ် ကြုံတွေ့ခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။
ငလျင်တွေဟာ ဇူလိုင် ၁၈ ရက် ညပိုင်းက မြို့တော် လီမာရဲ့ အရှေ့ဘက် ကီလိုမီတာ ၃၀၀ (မိုင် ၁၈၀ လောက်) အကွာ၊ ဂျူနင်းဒေသရှိ ချူပါကာ ခရိုင်အတွင်း လှုပ်ခတ်ခဲ့တာလို့ ပီရူး အမျိုးသား ငလျင်ဗဟိုဌာနရဲ့ X လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဂျူနင်းဒေသရှိ ပွန်ပန်ညာမြို့ငယ်လေးက ဒေသခံတွေဟာ ပျက်စီးမှုတွေကို ရင်ဆိုင်နေရပြီး အပျက်အစီးတွေကို ရှင်းလင်းဖို့နဲ့ နေထိုင်လို့မရတော့တဲ့ အိမ်တွေကို ဖြိုဖျက်ဖို့အတွက် အကူအညီတွေနဲ့ စက်ယန္တရားတွေကို တောင်းဆိုနေကြပါတယ်။
ဒေသခံတချို့ကလည်း အိမ်တွေ အက်ကြောင်းထင်ပြီး ပြိုကျမှာ ကြောက်တာကြောင့် အိမ်ထဲ မဝင်ရဲဘဲ လယ်ကွင်းတွေထဲမှာ ထွက်အိပ်နေကြရသလို အကူအညီအနေနဲ့ အပုပ်မြန်မဟုတ်တဲ့ အထားခံတဲ့ အစားအသောက်တွေကို လာရောက်လှူဒါန်းပေးဖို့လည်း တောင်းဆိုထားကြပါတယ်။
ငလျင်ဒဏ်သင့်သူတွေရဲ့ နေအိမ်အများစုဟာ ရွှံ့အုတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ရိုးရှင်းတဲ့ အဆောက်အအုံတွေ ဖြစ်ကြပါတယ်။
ပီရူးအစိုးရကတော့ ငလျင်ဒဏ်သင့်မြို့တွေမှာ ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။
ပီရူးနိုင်ငံဟာ ကမ္ဘာ့ငလျင်လှုပ်ခတ်မှု ၈၅ ရာခိုင်နှုန်းခန့် ဖြစ်ပွားရာ ပစိဖိတ် မီးကွင်းကြောပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
Source: Reuters











