Home
မြန်မာသတင်း
မိုးကုတ်မြို့က ရေဦးကြီးအထက်တန်းကျောင်း၌ ဗုံး ၄ လုံး ပေါက်ကွဲ
DVB
·
November 11, 2021

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းက ရေဦးကြီးအထက်တန်းကျောင်းမှာ နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

"ဗုံး ၃ လုံးအရင်ကွဲတယ်။ ထိခိုက်တာတော့မကြားဘူး။ ဗုံးပေါက်ပြီးတဲ့အချိန်မှာ ကျောင်းလာ တက်တဲ့ ကလေးတွေ ကျောင်းထဲမှာ ပြေးနေကြတာ မြင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းဝင်းအတွင်း ဗုံး ၃ လုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေ စစ်ဆေးနေချိန်မှာပဲ စာသင်ကျောင်းထဲ နောက်တစ်​ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာမျိုးရှိတယ်လို့ ဆိုပါတယ်။

​ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်က စစ်သား ၃ ဦး  သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတည်ပြုလို့ မရသေးသလို အနီးအနားဒေသခံတွေအနေနဲ့လည်း လူနာတင်ကားသံ မကြားရသလို ထိခိုက်သေဆုံးတာကို မြင်တွေ့ရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ 

ရေဦးကြီးကျောင်းရဲ့ ကျောင်းဝင်းထဲနဲ့ ကျောင်းအဝင်ပေါက်တို့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါကျောင်းမှာ Non CDM မလုပ်ထားတဲ့ ဆရာမအချို့နဲ့ ကျောင်းလာတက်သူ ကျောင်းသား အနည်းငယ်သာရှိပြီး ဆရာမတွေကလည်း ကျောင်းလာရင် အရပ်ဝတ်နဲ့ပဲ လာတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024