DVB Logo
Home
မြန်မာသတင်း
မကွေးနှင့် ပဲခူးတိုင်းတို့တွင် လွှတ်တော်အမတ်ဟောင်းအိမ်အပါအဝင် နေအိမ်များ ချိပ်ပိတ်ခံရ
DVB
·
November 11, 2021
မကွေးနှင့် ပဲခူးတိုင်းတို့တွင် လွှတ်တော်အမတ်ဟောင်းအိမ်အပါအဝင် နေအိမ်များ ချိပ်ပိတ်ခံရ
Donate to DVB

မကွေးတိုင်းနဲ့ ပဲခူးတိုင်းမှာ ပြည်သူ့လွှတ်တော်အမတ်ဟောင်းရဲ့နေအိမ်အပါအဝင် ပြည်သူတချို့ရဲ့ နေအိမ်တွေ ချိပ်ပိတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ၊ ရွာလယ်လမ်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း ပိုင်ဆိုင်တဲ့ အိမ်အမှတ် ၁၅၅ ကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီဝန်းကျင်က ချိပ်ပိတ်သွားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

''PDFအဖွဲ့အစည်းနဲ့ပတ်သက် ဆက်စပ်တယ်လို့အ ကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီက မတရားသိမ်းပိုက်ချိတ်ပိတ်သွားတာပဲ။'' 

ဦးထွန်းထွန်းဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့  ဖမ်းဝရမ်းထုတ်ထားလို့ တိမ်းရှောင်နေရသူဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကေသီမိုးကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၂၇ ရက်နေ့ကတည်းက မတရားဖမ်းဆီးထားပြီး မကွေးဒေါင်းနေအကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း မင်းဘူး-စကုမြို့နယ်က တိမ်းရှောင်နေတဲ့ မြို့နယ် NLD ပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းမင်းစိုး ရဲ့နေအိမ်ကိုလည်း နိုဝင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီက သိရပါတယ်။

မကွေးမြို့၊ မြို့မရပ်ကွက်၊ မဲထီးလမ်းက ဦးဇော်မိုး ရဲ့ ဟင်္သာညီနောင် မိုးကာဆိုင်နဲ့ တွဲလျက်ရှိတဲ့ နေအိမ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်နေ့ ည ၉ နာရီဝန်းကျင်က ချိတ်ပိတ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဆိုင်ကောအိမ်ပါ ချိပ်ပိတ်လိုက်ပြီဗျာ။ PDF တွေကို ထောက်ပံ့လို့ဆိုပြီးလုပ်လိုက်တယ်။ အတော်တော့ ယုတ်မာလွန်းနေပြီဗျာ့။ ရှိသမျှငွေတွေ၊ ရွှေတွေလည်း အကုန်သယ်သွားကြတယ်ဗျာ။" 

မကွေးမြို့မှာ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း မထွက်ရအမိန့်ကို အကာအကွယ်ယူပြီး ဟင်္သာညီနောင်စတိုးနဲ့ အိမ်ကပစ္စည်းတွေကို စစ်ကားတွေနဲ့ တပ်မ ၈၈ တပ်ထဲကို သယ်ဆောင်သွားကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ခြင်ကိုက်ကုန်းကျေးရွာကဒေသခံ ကိုဇော်လင်း ပိုင်ဆိုင်တဲ့ နေအိမ်အပါအဝင် ကြက်သွန်ဂိုထောင်တွေကိုလည်း နိုဝင်ဘာ ၉ ရက် နေ့၊ နေ့လယ်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လထဲက ခြင်ကိုက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ကိုဇော်လင်း ရဲ့ မိသားစုဝင် ၄ ဦးနဲ့ ပြည်သူ ၅ ဦးကိုဖမ်းဆီးကာ ဒေသခံတွေရဲ့ ရွှေငွေတွေ ယူသွားပြီး ကိုဇော်လင်းတို့မိသားစုကတော့ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက စုံစမ်းရရှိသလောက် မကွေးတိုင်းအတွင်းမှာ နိုဝင်ဘာ ၉ ရက်နေ့တရက်တည်း NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် ပြည်သူတွေရဲ့နေအိမ်နဲ့ စျေးဆိုင်တွေကို အကြမ်းဖက်စစ်ကောင်စီက မတရားချိပ်ပိတ်တာ ၉ နေရာရှိပြီလို့ စုံစမ်းသိရှိရပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ ရွာသစ်စုလမ်းက ဒေသခံပြည်သူတဦးရဲ့ နေအိမ်ကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ နေအိမ်အတွင်းက ပစ္စည်းတွေကို ဖျက်ဆီးပြီး နေအိမ်ချိပ်ပိတ်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နီးစပ်သူတဦးက “ကိုထွေးငယ် ရဲ့အိမ်ကို ၉ ရက်နေ့ညက စစ်တပ်ကဝင်စီးတယ်။ ကိုထွေးငယ်က သူ့အိမ်မှာ စီဒီစက်ပြင်နေတုန်း ပြတင်းပေါက်ကနေခုန်ချပြီး နောက်ဖေးကနေထွက်ပြေးရတာပေါ့။ စစ်သားတွေက နောက်ကနေ လိုက်ပစ်တာ အချက် ၂၀ လောက်ရှိတယ်ဗျ။ ဒါပေမဲ့ လွတ်သွားပါတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဝင်တွေဟာ နိုဝင်ဘာ ၉ ရက်နေ့ညက ကိုထွေးငယ်ရဲ့နေအိမ်အတွင်းက အိမ်ထဲကိုဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေကိုရိုက်ခွဲသွားကာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ အိမ်သုံးပစ္စည်းတွေကို စစ်ကားတွေနဲ့လာရောက်ယူဆောင်သွားကြပြီး နေအိမ်ကိုချိပ်ပိတ်သွားကြတယ်လို့ မျက်မြင်တွေ့ရှိရသူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ကိုထွေးငယ်က အေးအေးဆေးဆေးသူဘာသူနေတဲ့သူဗျ။ ရပ်ကွက်ထဲက အမြင်မကြည်လင်တဲ့သူရဲ့ ရွှေဆယ်ဝတီဂေါက်ကွင်းမှာ ဗုံးပေါက်တာကို အကြောင်းရှာပြီး မဟုတ်မမှန်သတင်းပေးလိုက်တာကြောင့် စစ်ကောင်စီတပ်တွေရဲ့ အခုလိုအလုပ်ခံရတာ” လို့  ပြောပါတယ်။

သာယာဝတီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေရဲ့နေအိမ်တွေကို မတရားသောနည်းနဲ့ ချိပ်ပိတ်သိမ်းဆည်းတာဟာ ကိုထွေးငယ် နေအိမ်က ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013