DVB Logo
Home
မြန်မာသတင်း
ထိုင်းက အလုပ်သမား ၈၀၀၀၀ ခန့် ခေါ်ယူရန်ရှိသော်လည်း မြန်မာအလုပ်သမားဌာနနှင့် မညှိနှိုင်းရသေး
DVB
·
November 9, 2021
ထိုင်းက အလုပ်သမား ၈၀၀၀၀ ခန့် ခေါ်ယူရန်ရှိသော်လည်း မြန်မာအလုပ်သမားဌာနနှင့် မညှိနှိုင်းရသေး
Donate to DVB

ထိုင်းအစိုးရက  သူ့နိုင်ငံရဲ့ စီးပွားရေးလိုအပ်ချက်အရ မြန််မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၈၀၀၀၀ လောက်တရားဝင် ခေါ်ယူဖို့ အစီအစဉ်ရှိနေပေမယ့် မြန်မာဘက်က အလုပ်သမားဝန်ကြီးဌာနနဲ့ တရားဝင်ညှိနှိုင်းတဲ့ အဆင့်အထိ မရောက်သေးတဲ့အကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီတွေထံက စုံစမ်းသိရပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင်စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ် ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင်အလုပ်သမားစေလွှတ်မှုမရှိတော့တာ  ဒီကနေ့အထိ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်ဝန်ဆောင်မှု လုပ်ငန်းရှင်တဦးက “ခေါ်မယ်လို့တော့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ကျမတို့က နှစ်နိုင်ငံဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့် မရသေးရင်တော့ လွှတ်လို့ မရသေးဘူးလေ။ အဲ့တော့ လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီ ဆိုပြီး ပြောတာမျိုးတွေတော့ ရှိနေတယ်။ ထိုင်းဘက်ကကော ဒီဘက်ကကော ညှိနှိုင်းပြီးမှ အေဂျင်စီတွေ ကလုပ်လို့ရမှာပါ။ အခုအချိန်ထိတော့ ကျမတို့ဒီဘက်က  အလုပ်သမားဝန်ကြီးဌာနက ဒါနဲ့ပတ်သတ်ပြီး ထွေထွေထူးထူး ညွှန်ကြားတာမျိုးတော့ မရှိသေးဘူး။ ပြီးတော့ ထိုင်းဘက်က မြန်မာအလုပ်သမားတွေခေါ်တဲ့နေရာမှာ သူတို့ကြေညာထားတာက  ကိုဗစ်ကာကွယ်ဆေး ၂ကြိမ်ထိုးပြီးထားတဲ့ သူက ပထမဦးစားပေးပေါ့။ ဒုတိယဦးစားပေးက ၁ကြိမ်ထိုးပြီးတဲ့သူ၊ ပြီးတော့ ကွာရန်တင်းဝင်ဖို့ကိစ္စတွေပေါ့။ ဒါတွေတော့ ကျမတို့ လည်းကြားသိရပါတယ်ရှင့်” လို့ပြောပါတယ်။

နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနအချင်းချင်းအကြားမှာ တရားဝင်အလုပ်သမားခေါ်ယူရေး နဲ့ပတ်သက်ပြီး အခုလို ညှိနှိုင်းဆောင်ရွက်တဲ့အဆင့် မရောက်သေးပေမယ့် ရန်ကုန်မြို့က ပတ်စပို့စ်ရုံးမှာတော့ ပွဲစားတွေအတွက် လုပ်စား ဖို့စျေးကွက်ဖြစ်နေတယ်လို့ ထိုင်းနိုင်ငံဆီ တရားဝင် MOU စနစ်ဖြင့် စေလွှတ်ပေးနေတဲ့ အကျိုးဆောင်လုပ်ငန်းရှင်တဦး ကလည်း ဆိုပါတယ်။ 

“ထိုင်းနိုင်ငံကလည်း သူ့နိုင်ငံရဲ့စီးပွားရေးအရ အလုပ်သမားလိုအပ်ချက်က အများကြီးရှိနေတယ်။ အဲ့ဒီ့လိုအပ်ချက်အပေါ်မှာ CI ရုံးတွေဖွင့်ပေးမယ်။ ထိုင်းအစိုးရဘက်က ကြေညာချက်အရ ဒီဘက်က လူပွဲစားတွေကလည်း ဟိုဘက်မှာ CI တွေရမယ်။ အလုပ်တွေလည်း လိုနေတယ်။ ဖြစ်ချင်တော့ ဒီဘက်က ပတ်စပို့စ်ရုံးကို အလုပ်သမားစေလွှတ်ခွင့်မရသေးခင် ကြိုပြီးဖွင့် လိုက်တာက ပွဲစားတွေအတွက် လုပ်စားဖို့ စျေးကွက် ဖြစ်သွားတယ်။ တရားဝင်စေလွှတ်ခွင့်မပြုသေးခင် ပတ်စပို့စ်တွေ အပီအပြင်လုပ်ခွင့်ပြုလိုက်တာက တရားဝင်လမ်းကြောင်းနဲ့ သွားမယ့်အလုပ်သမားတွေကို မင်းတို့ ဟိုဘက်မှာ CI လည်း ရမယ်။ အလုပ်လည်းရမယ်။ work permit လည်းရမယ်၊ ပတ်စပို့စ်လည်း ရမယ်ဆိုပြီး ပွဲစားတွေအတွက်က စည်းရုံးရ လွယ်ကူသွားတာပေါ့နော်။ ပြီးတော့ ပွဲစားတွေ တောင်းနေတဲ့ နှုန်းထားကလည်း ထိုင်းငွေ(ဘတ်) တသောင်းရှစ်ထောင်၊ နှစ်သောင်းခွဲအထိ တောင်းနေတာ။ ဒါကြောင့် MOU စနစ်နဲ့ တရားဝင်လမ်းကြောင်းနဲ့ အမြန်ဆုံးစေလွှတ်နိုင်ဖို့အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနဆီ ဒါတွေကို တင်ပြသွားမယ်” လို့အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။

တရားမဝင်လမ်းကြောင်းနဲ့သွားတဲ့အခါ ထိုင်းဘက်က  ရဲဖမ်းတာ၊ ငွေကြေးအမြောက်အများ ကုန်ကြတာ စတဲ့ မြေပြင်အခြေ အနေနဲ့ပတ်သတ်ပြီး မြန်မာအလုပ်သမားဝန်ကြီးဌာနဆီ ပေးပို့တင်ပြထားပြီးဖြစ်ပါတယ်။

တင်ပြထားရှိတဲ့ အကြံပြု ချက်တွေနဲ့စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးပေးဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနဆီ အွန်လိုင်းကနေ တရားဝင် call ဖို့အတွက် တောင်းဆိုထားရှိကာ အခုလာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဆွေးနွေးသွားဖို့ ရှိပါတယ်။

ထိုင်းနိုင်ငံမှာ MOU စနစ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်မည့်အလုပ်သမားတဦးအတွက် ကုန်ကျစားရိတ်က မြန်မာအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာက မြန်မာငွေ ကျပ်တသိန်းခွဲ ရှိပြီး ထိုင်းဘက်အခြမ်းမှာတော့ work permit နဲ့ Visa ၊ ကားခ အတွက်က တချို့ကလည်း အလုပ်ရှင်တွေက အကုန်အကျခံပေးတာမျိုး ရှိသလို အကုန်အကျမခံရင် ထိုင်းဘတ် ၃၆၀၀ အထက်ကုန်ကျနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013