DVB Logo
Home
မြန်မာသတင်း
အနောက်မြောက်တိုင်းစစ်ဒေသသို့ စစ်သည်အင်အားရာချီ ရဟတ်ယာဉ်များဖြင့် ထပ်မံပို့ဆောင်
DVB
·
November 8, 2021
အနောက်မြောက်တိုင်းစစ်ဒေသသို့ စစ်သည်အင်အားရာချီ ရဟတ်ယာဉ်များဖြင့် ထပ်မံပို့ဆောင်
Donate to DVB

အနောက်မြောက်တိုင်းစစ်ဒေသထဲက ယောဒေသ၊ ဒီပဲယင်း၊ ပုလဲ၊ ကောလင်း၊ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီက တပ်သားအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေရာမှာ နိုဝင်ဘာ ၈ ရက် ဒီကနေ့မာ  ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာမှာတော့  ရဟတ်ယာဉ်တွေနဲ့ စစ်သားအင်အား ၁၀၀နီး ပါးထပ်တိုးပြီး  နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မကွေးတိုင်း၊ ယောနယ်မှာ ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အင်အား ၁၀၀ လောက်ရှိတဲ့  စစ်ကောင်စီလမ်းကြောင်းဟာ ဂန့်ဂေါမြို့နဲ့ တဖြေးဖြေးနီးကပ်လာပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။ 

နိုဝင်ဘာ ၇ ရက်မနေ့ကတော့ ကလေးမြို့နယ်ကနေ ဂန့်ဂေါမြို့နယ်ဘက်ကို စစ်ကောင်စီက စစ်ကားအစီး ၃၀ ကျော်၊ ၊ စစ်သားအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းစထိုးခဲ့တာပါ။

စစ်ကောင်စီလမ်းကြောင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က ကန်ရွာတံတားအနီးမှာ မနက် ၇ နာရီခွဲအချိန်လောက်ကတစ်ကြိမ်၊ ကျောက်ဂူတောရတောင်ဘက်နေရာမှာ မနက် ၁၁ နာရီအချိန်လောက်ကတစ်ကြိမ် စုစုပေါင်း ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်သေဆုံးပြီး ၁၅ ယောက်ကျော် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ YDF ကထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်လည်း YDF က ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပေမယ့် စစ်ကောင်စီက ဂန့်ဂေါမြို့ဆီဆက်လက်တိုးဝင်နေတာဖြစ်ပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာနဲ့ မိတ္ထီလာမြို့တွေမှာ စစ်ကောင်စီက စစ်သားအင်အားထပ်မံစုဆောင်းနေပြီး အနော်ရထာစစ်ဆင်ရေးကို ဖိဖိစီးစီးဆောင် ရွက်လာတာတွေ့ရတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ပုလဲ၊ ကောလင်း၊ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီလမ်းကြောင်းတွေကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေသလို စစ်ကောင်စီကလည်း လေကြောင်းကိုပါအသုံးပြုတိုက်ခိုက်တာတွေ လူအင်အားထပ်တိုးချထားတာ တွေပြုလုပ်နေပါတယ်။

ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းက စစ်သားအင်အား ၁၀၀ နီးပါးကို ရဟတ်ယာဉ် ၃ စီးနဲ့ နေရာချပြီး နယ်မြေထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ ဒီပဲယင်း၊ အင်ဘုတ်ကျေးရွာ PDF တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာလည်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်သုံးပြီးဖိအားပေး ထိုးစစ်ဆင်နေတယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ဒီဗွီဘီကို ပြောပါတယ်။ 

နိုဝင်ဘာ ၇ရက်နေ့ က ပုလဲမြို့နယ်၊ မင်းတိုင်ပင်နဲ့ ကမ်းထောင့်ကြား နေရာသုံးခုမှာ ဒေသတွင်း PDF တွေပူးပေါင်း မိုင်းခွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က စစ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီက လေကြောင်းအင်အားပါသုံးပြီး စစ်ကိုင်းတိုင်းကို ဖိအားပေးလာပေမယ့် စစ်ရေးအရ ဒေသခံ PDF တွေအပေါ်အသာစီးမရသေးဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။ စစ်တပ်က နေအိမ်တွေကိုမီးရှို့တာ၊ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ပြည်သူတွေကတော့ ထိခိုက်နစ်နာနေရပါတယ်။

စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ နေပြည်တော်က ဗိုလ်ချုပ်ကြီး ၂ယောက်က ကွပ်ကွဲကာ သာလွန်အင်အားအသုံးပြုနေပေမယ့် ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသထဲမှာ သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး PDF တွေကို ရှာမတွေ့တဲ့အခါမှာ စစ်သားတွေဟာ ရွာသားတွေကိုဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေလည်းပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013