DVB Logo
Home
မြန်မာသတင်း
လူထုဆန္ဒနှင့်ဆန့်ကျင် တရားမဝင်အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်ကို အီးယူ၊ နော်ဝေ၊ ဆွီဒင် ရှုတ်ချ
DVB
·
November 8, 2021
လူထုဆန္ဒနှင့်ဆန့်ကျင် တရားမဝင်အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်ကို အီးယူ၊ နော်ဝေ၊ ဆွီဒင် ရှုတ်ချ
Donate to DVB

မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာဖို့၊ အကြမ်းဖက်မှုတွေ၊ ချက်ချင်းရပ်တန့်ဖို့နဲ့  နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့   ဥရောပသမဂ္ဂ (အီးယူ)နဲ့ နော်ဝေ၊ ဆွီဒင်နိုင်ငံတို့က အသီးသီးထုတ်ပြန် တိုက်တွန်းပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ မြန်မာရွေးကောက်ပွဲ ၁ နှစ်ပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံ - မြန်မာနိုင်ငံအခြေအနေပတ်သက်ပြီး  ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ထုတ်ပြန်ကြေညာလိုက်တာပါ။ 

နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ  မြန်မာပြည်သူလူထုတွေဟာ   မဲဆန္ဒပြုခဲ့ကြကာ သူတို့ရဲ့ သဘောထားအသံဟာ ရှင်းလင်းတိကျမှုရှိပြီး ဒီမိုကရေစီရရှိရေး ပြင်းပြတဲ့ ဆန္ဒတွေဟာလည်း ပြတ်သားခိုင်မာနေခဲ့တယ်လို့ အီးယူကြေညာချက်မှာဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုဟာ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ပြောင်တင်းစွာ ဆန့်ကျင်နေပြီး  အရပ်သားအစိုးရကို တရားမဝင်ဖြုတ်ချခဲ့တဲ့ ဖြစ်ရပ်ကြောင့် လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေ ပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာတပ်မတော်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့  တရားမဝင်လုပ်ရပ်တွေကို ဆက်လက်ရှုတ်ချပြီး ပြည်သူလူထုနဲ့တကွ သူတို့ရဲ့ ဒီမိုကရေစီရရှိရေးရွေးချယ်မှုအပေါ် ခိုင်မာစွာ သဘောတူရပ်တည်တယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ စစ်တပ်အင်အားတိုးချဲတာနဲ့ ဒီဖြစ်ရပ်ကြောင့်  အထူးသဖြင့် ချင်းပြည်နယ်အတွင်း အကြမ်းဖက်မှုမြင့်တက်လာတာဟာ အလွန်အမင်းစိုးရိမ်ဖွယ်အခြေအနေဖြစ်တယ် ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်ရဲ့ ချင်းပြည်နယ်ကျေးရွာတွေအပေါ် တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း အီးယူက ကြေညာပါတယ်။ 

အလားတူ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးကလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ သူ့ပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ 

“မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ သူ့ပြည်သူတွေရဲ့ ဆန္ဒကို လေးစားလိုက်နာရပါမယ်။ ကိုယ့်ပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်း ရပ်တန့်ရမှာပါ။ ဒီမိုကရေစီ အခွင့်အရေးတွေကို ပြန်လည်ဖော်ဆောင်ပြီး တစ်ဖက်သတ် ဖမ်းဆီးထားသူအားလုံးကိုလည်း ပြန်လွှတ်ပေးရမှာပါ” လို့  နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က သံရုံးထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး အဆိုပါရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းလိုတဲ့ သူတို့ရဲ့  ဆန္ဒသဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသခဲ့ကြတယ်လို့ဆိုပါတယ်။

နော်ဝေနိုင်ငံအနေနဲ့ မြန်မာပြည်သူလူထုနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးကို ကျင့်သုံးပိုင်ခွင့်၊ အစိုးရကို လွတ်လပ်မျှတစွာ ရွေးချယ်ပိုင်ခွင့်တို့ကို ဆက်လက် ထောက်ခံပံ့ပိုးပေးနေတယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာဆွီဒင် သံရုံးကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ဖွင့်ဟပြသခဲ့ပြီးဖြစ်တဲ့ မြန်မာပြည်သူပြည်သား အားလုံးတို့ရဲ့ ပြင်းပြသော စိတ်ဆန္ဒတွေကို လေးစားလိုက်နာကာ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ဖော်ထုတ်ရမယ် သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ရမယ့်အပြင်  စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင် ကန့်ကွက်သူ နိုင်ငံရေး အတိုက်အခံတွေကို  ဖိနှိပ်မှု အမြန်ဆုံး ရပ်တန့်မယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

၂၀၂၀  နိုဝင်ဘာလ ၈ ရက်နေ့က  မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ဆွီဒင်သံရုံး အနေနဲ့ မျက်မြင် လေ့လာခွင့်ရခဲ့ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အံ့ဩချီးမွမ်းဖွယ် ဒီမိုကရေစီသံန္နိဋ္ဌာန်ကို ဆွီဒင်နိုင်ငံက ဆက်လက် ပံ့ပိုး အားပေး နေတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

၂၀၂၀ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ရာမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉၂၀ နေရာ ရာခိုင်နှုန်းအားဖြင့် ၈၂  ရာခိုင်နှုန်းကျော် အနိုင်ရရှိပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွာပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကိုလည်း ပယ်ဖျက်ကြောင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013