
ယူကရိန်းဒရုန်းတိုက်ခိုက်မှု များပြားလာတာနဲ့အမျှ ရုရှားလွှတ်တော်အမတ်တွေက ဘဏ်ဝန်ထမ်း တွေ ကိုယ်တိုင် ပစ်ချခွင့်ပေးမဲ့ ဥပဒေကြမ်းတခုကို အတည်ပြုလိုက်ပါတယ်။
မေ ၂၆ ရက်က ဒူးမာ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာလို့ နိုင်ငံပိုင် သတင်းဌာန TASS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီဥပဒေအရ ရုရှားဘဏ်အသီးသီးမှာ အီလက်ထရောနစ် ဒရုန်းကာကွယ်ရေးစနစ်တွေ (Jamming Systems) တပ်ဆင်ရမှာဖြစ်သလို လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေကလည်း ဝင်ရောက်လာတဲ့ လူမဲ့ ယာဉ်တွေကို ပစ်ချရမှာဖြစ်ပါတယ်။
အဲဒီစက်ပစ္စည်းတွေ တပ်ဆင်ဖို့အတွက် ရုရှားနိုင်ငံတဝန်းက ဘဏ်တွေဟာ မိမိဘာသာ အကုန်ကျခံ ရမှာ ဖြစ်တဲ့အပြင် သင်တန်းတက်မဲ့ ဝန်ထမ်းတွေကိုပါ ရွေးချယ်ပေးရမှာပါ။
ဒါ့အပြင် ရုရှားမြို့တိုင်းနီးပါးမှာ ဘဏ်တွေရှိတဲ့အလျောက် အခုလိုမျိုး လေကြောင်းကာကွယ်ရေး စနစ်ထဲ ထည့်သွင်းလိုက်မယ်ဆိုရင် အကာအကွယ်ပေးနိုင်မဲ့ ဧရိယာတွေ ပိုပြီး ကျယ်ပြန့် လာစေနိုင်ပါတယ်။
လက်ရှိစစ်ပွဲကာလအတွင်း ယူကရိန်းဘက်က ဒရုန်းအများအပြားစေလွှတ်ပြီး ရုရှားရဲ့ အခြေခံ အဆောက်အအုံတွေ အထူးသဖြင့် မော်စကိုအတွက် အရေးပါတဲ့ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။
အဲဒီနောက် ရုရှားဖက်ဒရေးရှင်း နယ်မြေအသစ်တွေထဲက ဘဏ်အဆောက်အအုံတွေနဲ့ ဗဟိုဘဏ် ကိုပါ ကာကွယ်နိုင်ဖို့ဆိုရင် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်နေကြောင်း ဖော်ပြထားပါတယ်။
ရုရှားပိုင်နယ်မြေအသစ် ဆိုတာကတော့ အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးပေမဲ့လည်း သိမ်းပိုက်နိုင်ပြီလို့ ကြေညာထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသ ၄ ခုကို ရည်ညွှန်းတာပါ။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ရုရှားစစ်သား ၅ သိန်း လောက် သေဆုံးခဲ့ရတယ်လို့ ဗြိတိန်ရဲ့ အကြီးဆုံး ထောက်လှမ်းရေးအေဂျင်စီ GCHQ အရ သိရပါတယ်။
အခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကလည်း ကျဆုံးစစ်သား အရေအတွက်ကို ၅၅,၀၀၀ သာ ရှိတယ်လို့ ထုတ်ပြောထားပေမဲ့ မြေပြင်မှာတော့ အဆပေါင်းများစွာ ကွာဟနေနိုင်ပါတယ်။
နောက်ဆက်တွဲအဖြစ် ဥပဒေကြမ်း အသက်ဝင်လာဖို့အတွက် အထက်လွှတ်တော်ဖြစ်တဲ့ ဖက်ဒရေးရှင်းကောင်စီရဲ့ အတည်ပြုချက်နဲ့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်မှတ်တော့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။
Source:Reuters











