
မြန်မာစစ်အာဏာရှင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မိတ်ဆွေ လော်ဘီပညာရှင် ရော်ဂျာစတုန်းကို DCI Group ကနေတဆင့် ငှားရမ်းထားတဲ့အပေါ် Justice For Myanmar (JFM) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဧပြီ ၂၉ ရက်က တင်သွင်းတဲ့ အမေရိကန် FARA မှတ်တမ်းတွေအရ စစ်အုပ်စုနဲ့ DCI Group တို့ ဒေါ်လာ ၃ သန်းတန် စာချုပ်ချုပ်ထားပြီး၊ ရော်ဂျာစတုန်းက တလကို ဒေါ်လာ ၅၀,၀၀၀ နဲ့ အကြံပေးအဖြစ် လုပ်ဆောင်နေတာပါ။
ဒီစာချုပ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ဖြစ်ပြီး၊ စစ်အုပ်စုက SAC ကနေ SSPC (နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းရေးကော်မရှင်) အဖြစ် အမည်ပြောင်းဖွဲ့စည်းတဲ့ ၂၀၂၅ ဇူလိုင် ၃၁ ရက်မှာ စတင်ခဲ့တာလို့ သိရပါတယ်။
စစ်အုပ်စုရဲ့ အမည်ပြောင်းလဲမှုဟာ ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ဖြစ်ပြီး၊ ရော်ဂျာစတုန်းနဲ့ DCI Group တို့ဟာ စစ်ရာဇဝတ်ကောင်တွေဆီကနေ အကျိုးအမြတ် ရယူနေတယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဝေဖန်ပါတယ်။
မရတနာမောင်က “အခုတော့ ရော်ဂျာစတုန်းဟာ ဒီနိုင်ငံတကာရာဇဝတ်ကောင်တွေနဲ့ စာချုပ်မှာ ပါဝင်လာခဲ့ပါပြီ။ ဒါဟာ စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားပြီး စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေကို တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုနေတဲ့၊ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သဘာဝသယံဇာတကဏ္ဍ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ညစ်ညမ်းတဲ့ ငွေတွေ လော်ဘီလုပ်ငန်းဆီကို စီးဆင်းခွင့်ပြုမဲ့အစား အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျတို့အနေနဲ့ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့နဲ့၊ သူတို့ရဲ့ အမည်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်တွေကို ပိတ်ပင်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဖို့ JFM က တောင်းဆိုထားပါတယ်။
Justice For Myanmar (JFM) ဟာ မြန်မာနိုင်ငံက အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်တပ်ရဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေကို ဖော်ထုတ်နေတဲ့ တက်ကြွလှုပ်ရှားသူအဖွဲ့ ဖြစ်ပါတယ်။










