တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၃ ရက် ဒီကနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတဲ့အတွက် ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကေအန်ယူ မြိတ်/ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် အတွင်းရေးမှူး စောအာကာလင်းက ပြောပါတယ်။
ဒီမနက် ၆ နာရီကျော်က ကေအန်ယူ ထိန်းချုပ်နယ်မြေ - မြိတ်/ထားဝယ်ခရိုင် ထားဝယ်မြို့နယ် သစ်ကိုဒိုးကျေးရွာကနေ စစ်ကောင်စီတပ်က ဟန်မင်ကြီးဘက်ကို သွားနေချိန် လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။
စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသွားတယ်လို့လည်း ပြောပါတယ်။
“ အဲဒီရွာမှာ အရင်က တကြိမ်နှစ်ကြိမ် ရွာထဲဝင်လာပြီး ရွာသူရွာသားတွေရဲ့ ဆိုင်ကယ်တွေဘာတွေ သိမ်းတယ်။ အိမ်မှာ ပစ္စည်းတွေဘာတွေ ယူသွားတာပေါ့နော်။ အဲဒါနဲ့ ဒီနေ့မနက်ကတော့ တိုက်ပွဲဖြစ်တယ်လို့သတင်းကြားတာပေါ့နော်။ မိုင်ဆွဲတိုက်ခိုက်ခံရတာပေါ့။ တိုက်ပွဲက PDF နဲ့ဖြစ်တာ။ ကျေးရွာက ကျနော်တို့ ကေအန်ယူနဲ့ ဆက်စပ်မှုရှိတယ်။ ကေအန်ယူ ပါဝင်မှုတော့မရှိဘူး။ တပ်ဖက်ကတော့ ၅ ဦးထိခိုက်သေဆုံးတာရှိတယ်။ နောက်ပြီး နှစ်ဦးကတော့ ဒဏ်ရာရတာပေါ့နော်။ ”
ဒီလို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သစ်ကဒိုးရွာသာ ၃ ဦးကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း စောကာကာလင်းက ပြောပါတယ်။
ဖမ်ဆီးခံရတဲ့ သစ်ကဒိုးရွာသားတွေကတော့ ဦးမြသန်း၊ ဦးကြည်ဝင်းနဲ့ ဦးစိုးဝင်းတို့ ဖြစ်ပါတယ်။
အောက်တိုဘာ ၃၁ ရက်ကလည်း ထားဝယ်မြို့နယ် ထီးမဲ့ဘောကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ ၄၀၄ က ဗိုလ်ကြီးဝေယံထွန်း ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဝါးကဖောင် ကျေးရွာအတွင်းက မနိုင်နိုင်ရဲ့ ငွေ သိန်း ၂၀ ကျပ်၊ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၂ ကွင်း နဲ့ ရွှေလက်စွပ် ၂ ကွင်းကို အတင်းအဓမ္မ သိမ်းယူသွားခဲ့တယ်လို့ ကေအန်ယူသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ဝါးကဖောင် ကျေးရွာအတွင်းဝင်ပြီး ပြန်ထွက်သွားချိန်မှာ သေနတ် ပစ်ခတ်ခဲ့တဲ့အတွက် ဝါးကဖောင် ကျေးရွာသူတဦး ကျည်ဆန်ထိမှန်ခဲ့ပါတယ်။