DVB Logo
Home
မြန်မာသတင်း
အာဆီယံအဖွဲ့အတွင်း ပြင်ပသပ်လျှိုမှုများရှိလာနိုင်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင်ပြော
DVB
·
November 3, 2021
အာဆီယံအဖွဲ့အတွင်း ပြင်ပသပ်လျှိုမှုများရှိလာနိုင်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင်ပြော
Donate to DVB

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံပတ်သက်လို့ တောင်းဆိုမှုတွေဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ပြီး အာဆီယံအဖွဲ့အတွင်း ပြင်ပအသိုက်အဝန်းတွေရဲ့ သပ်လျှိုမှုတွေရှိလာနိုင်တယ်လို့ မြန်မာ အာဏာသိမ်း  ဒုစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

နိုဝင်ဘာ ၂ ရက်က အွန်လိုင်းကနေ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာ  အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအနေနဲ့ ဆပ်စပ် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး  တောင်းဆိုမှုတွေဟာ  အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ “ASEAN Centrality, ASEAN UNITY နဲ့ ASEAN WAY”  စတဲ့ပုံရိပ်တွေကိုထိ ပါးနေပြီလားလို့  သံသယဖြစ်စရာ တွေ့ရတယ်လို့  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ 

အခုလို “ASEAN Centrality, UNITY, WAY” တွေအပေါ် ကျော်လွန် ဆောင်ရွက်လာတာဟာ မြန်မာနိုင်ငံတစ်ခုတည်းပေါ်မှာသာ သက်ရောက်မှာ မဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံတွေ အပေါ်မှာလည်း အချိန်ကာလတစ်ခု၊ အခြေအနေ တစ်ခုခုမှာ အခုလိုပဲ အာဆီယံ ပြင်ပအသိုက်အဝန်းတွေရဲ့ လိုရာဆွဲစီမံ ဆောင်ရွက်ခံရမှု၊  တွန်းအားပေးခံရမှုနဲ့ သပ်လျှိုမှုတွေကိုလည်း  စည်းလုံး ညီညွတ်တဲ့ အာဆီယံနိုင်ငံတွေအတွင်း ရောက်ရှိလာနိုင်ကြောင်းနဲ့ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံတွေ အချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သတိပြုစေလို့တယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

အာဆီယံအထူး  ကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ဖို့ကိစ္စမှာလည်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်းပြောဆိုသွားပါတယ်။

“အာဆီယံအထူးကိုယ်စားလှယ် လာရောက်ရေးနဲ့ ပတ်သက်လို့လည်း အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုနဲ့ အပြောင်းအလဲတွေအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းဆိုချက်တွေ ကြုံတွေ့ ခဲ့ပါတယ်။ ဘယ်နိုင်ငံမဆို အခုလိုပဲ တည်ဆဲတရားဥပဒေကို ဘယ်သူကမျှ ကျော်လွန်ခွင့်ပြုပေးနိုင်မယ် မဟုတ်ဟု ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံကို အာဆီယံ  ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်နဲ့  ဆန့်ကျင်နေတာ ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်လို့လည်း  ဒုစစ်ခေါင်းဆောင်က စာရင်းစစ်ချုပ်အစည်းအဝေးမှာ ပြောပါတယ်။

၃၈ ကြိမ်မြောက်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို   အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဖိတ်ကြားမခံရတဲ့အတွက် အစည်းအဝေးတက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ 

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ အာဆီယံထိပ်သီးအစည်းအဝေး အပြီးမှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ 

Photo- DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013