DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် ခင်ပွန်းအား ဖမ်းမမိသဖြင့် ဇနီးနှင့် ၂ နှစ်ကလေးအား စစ်အုပ်စုက ဖမ်းဆီး
DVB
·
November 3, 2021
လောင်းလုံးတွင် ခင်ပွန်းအား ဖမ်းမမိသဖြင့် ဇနီးနှင့် ၂ နှစ်ကလေးအား စစ်အုပ်စုက ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ကဒက်ငယ်ထိန်ကျေးရွာနေ ကိုလုလုဇော်အား နိုဝင်ဘာ ၃ ရက် မနက် ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးရာမှာ ဖမ်းမမိတာကြောင့် ဇနီးအပါအဝင် မိသားစုဝင် ၃ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ မဂျူလိုင်ဝင်း(ခ)မီးချစ်၊ ၂ နှစ်အရွယ် ကလေးနဲ့ ဦးလေးဖြစ်သူ ဦးဇော်ဝင်းတို့အား မတရားဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုလုလုဇော်ဟာ အရင်က သပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့ပေမယ့် အခုအခါ ကျေးရွာအတွင်း သာမန်နေထိုင်သူတစ်ဦးသာဖြစ်ကြောင်း၊ မိသားစုဝင်တွေ အဖမ်းခံရတာဟာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လို့ သတင်းပေး ဖမ်းခိုင်းတာဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့ပေါ်ရှိ နေအိမ်အချို့အား အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ပြည်သူ ၁၀ ဦးလောက်ကို မတရားဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းတဲ့ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက သပိတ်စစ်ကြောင်းအား မဖြိုခွင်းနိုင်တာကြောင့် သပိတ်စစ်ကြောင်းထွက်တဲ့ ပတ်ဝန်းကျင်က အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် သပိတ်ဦးဆောင်သူတွေကို ဖမ်းမမိတာကြောင့် မိသားစုဝင်တွေကို မတရားဖမ်းဆီးကာ အောက်တန်းကျ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကို မကြာခဏပြုလုပ်နေတယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာလ ၁ရက်၊ ည ၈ နာရီအချိန်လောက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမင်းလွင်ဦးနဲ့ ကိုဝေယံစိုးတို့ရဲ့ နေအိမ်အား အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

စီးနင်းမှုအတွင်း ကိုမင်းလွင်ဦးရဲ့ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ချိုသန်းအား မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကိုဝေယံစိုးရဲ့ မိသားစုနေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013