DVB Logo
Home
မြန်မာသတင်း
အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ကိုဗစ် -၁၉ ကာကွယ်ဆေးကိစ္စဆွေးနွေး
DVB
·
November 2, 2021
အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ၊ ကိုဗစ် -၁၉ ကာကွယ်ဆေးကိစ္စဆွေးနွေး
1 / 2
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ ဘီလ်ရစ်ချတ်ဆန်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂ ရက်က  နေပြည်တော်မှာသွားရောက် တွေ့ဆုံခဲ့ပါတယ်။ 

ဒီနေ့မနက် တွေ့ဆုံရာမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုအခြေအနေတွေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေတွေ၊ ကျောင်းတွေပြန်လည်ဖွင့်လှစ်နေမှု အခြေအနေတွေ၊ မြန်မာနိုင်ငံ အတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ကူညီပေးမယ့် အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး၊ ဆေးဝါးနဲ့ တခြား ပြည်သူ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမယ်လို့  မြန်မာခရီးစဉ်မတိုင်ခင် ထုတ်ပြန်ထားတယ်။

ရစ်ချတ်ဆန်ဟာ ဒီခရီးစဉ်အတွင်း ပြီးခဲ့တဲ့ မေ ၂၄ ရက်ကတည်းက ဖမ်းဆီးခံထားရတဲ့ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာ ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားဖို့ ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့လည်းဖြေကြားဖို့ ငြင်းဆိုထားပါတယ်။

မစ္စတာဘီလ်ရစ်ချတ်ဆန်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဘဝမှာ ပြင်ပဧည့်သည်အနေနဲ့ ပထမဆုံး တွေ့ဆုံခွင့်ရခဲ့ပြီးကတည်းက ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ဖူးသူဖြစ်ကာ မြန်မာ့နိုင်ငံရေး ကိစ္စတွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ပါဝင်ပတ်သက်ခဲ့ဖူးသူဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်ဖွဲ့စည်းခဲ့တဲ့   ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ၅ ဦးပါ အကြံပေးအဖွဲ့မှလည်း အဖွဲ့ဝင်အဖြစ်  ခန့်အပ်ခံရဖူးပါတယ်။

ဘီလ်ရစ်ချတ်ဆန်ဟာ မြန်မာနိုင်ငံကို  လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက နောက်ဆုံး လာရောက်ခဲ့စဉ်က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  အစည်းအဝေးတခုမှာ  ရိုက်တာသတင်းထောက်၂ ယောက်ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားအချေအတင် ဖြစ်ခဲ့ပါတယ်။

ဒီနောက် အကြံပေးအဖွဲ့ဟာ မြန်မာအစိုးရကို ထောက်ခံ ကာကွယ်ပေးဖို့ ဖွဲ့ထားတာလို့ ဘီလ်ရစ်ချတ်ဆန်က စွပ်စွဲပြီး အကြံပေးအဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။  အကြံပေးအဖွဲ့ခေါင်းဆောင်  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ်ကတော့ ရစ်ချတ်ဆန်ရဲ့ စွပ်စွဲချက်ဟာ ဆီလျော်ညီညွတ်မှု မရှိကြောင်း တုံ့ပြန် ပြောဆိုခဲ့သလို မြန်မာအစိုး ရဘက်ကလည်း ရစ်ချတ်ဆန်ဟာ အကြံပေးအဖွဲ့ လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေလုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုတကြိမ် ရစ်ချတ်ဆန် မြန်မာနိုင်ငံကိုလာမယ့်ခရီးစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီက ဖိတ်ခေါ်လို့လာတာလား ရစ်ချတ်ဆန်ရဲ့ မြန်မာပြည်လာဖို့ ကမ်းလှမ်းချက်ကို စစ်ကောင်စီက ခွင့်ပြုလက်ခံလိုက်တာလား၊ ဘယ်လို အပေးအယူ ညှိနှိုင်းမှုတွေရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒီနေ့တွေ့ဆုံပွဲမှာတော့ စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း တို့လည်းတက်ရောက်ခဲ့ကြပါတယ်။

PHOTO- DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013