DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းသမားများ အားလုံးကိုလွှတ်ပေးရန် ကနေဒါနှင့် ယူကေတောင်းဆို
DVB
·
November 2, 2021
ဖမ်းဆီးခံသတင်းသမားများ အားလုံးကိုလွှတ်ပေးရန် ကနေဒါနှင့် ယူကေတောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေ အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့  အာဏာသိမ်း စစ်ကောင်စီကို ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးနဲ့  ယူကေသံရုံးတို့က  တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက် ဒီနေ့ကျရောက်တဲ့ “သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိနေခြင်းအား အဆုံးသတ်ရေး ဆိုင်ရာ နိုင်ငံတကာနေ့”မှာ ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ 

ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းသမားတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေအပေါ် များစွာ စိုးရိမ်မကင်း ဖြစ်ရတယ်၊ သတင်းသမားတွေနဲ့ မီဒီယာဆိုင်ရာ ဝန်ထမ်းတွေရဲ့ လုံခြုံမှု၊ လွတ်လပ်မှုတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကိုလည်း ရှုတ်ချတယ်လို့   ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။ 

မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို လွှတ်ပေးဖို့ အပါအဝင် လိုက်နာရမယ့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကိုလည်း အပြည့်အဝ လိုက်နာဖို့ လည်း  တောင်းဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမျိုးအစားစုံလင်ကွဲပြားတဲ့ မီဒီယာတွေ ပေါ်ထွက်လာရေး ကြိုးပမ်းမှုကို ကနေဒါနိုင်ငံက ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ အနာဂတ်အတွက် မျှော်မှန်းချက်များနဲ့ ထပ်တူလည်း ရပ်တည်သွားမယ်လို့လည်း  ကနေကဒါသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ ယူကေသံရုံးကလည်း ဒီနေ့ သီးခြားကြေညာချက်ထုတ်ပြန်ထားပြီး  မတရားဖမ်းဆီးခံထားရတဲ့ သတင်းသမားအားလုံးကို လွှတ်ပေးဖို့နဲ့  သတင်းသမားတွေဟာ ခြိမ်းခြောက်ခံရတာ ဒါမှမဟုတ်  ဖမ်းဆီးခံရမှာကို  စိုးရိမ်ကြောက်လန့်မှုမရှိ‌ဘဲ လုပ်ဆောင်ခွင့်ပြုဖို့  ယူကေအစိုးရက  မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မြန်မာသတင်းသမားတွေဟာ သူတို့ရဲ့အလုပ်ကို ရိုးရှင်းစွာထမ်းဆောင်ရုံမျှနဲ့ တရားစွဲဆိုခံရ၊ ထောင်ချ၊ ညှင်းပန်းနှိပ်စက်ခံရတဲ့ အန္တရာယ်တွေနဲ့  ကြုံတွေ့နေရပြီး မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့်မရှိပါက ဒီမိုကရေစီနဲ့  အဓိပ္ပါယ်ရှိတဲ့ ရွေးကောက်ပွဲမရှိနိုင်ဘူးလို့လည်း ယူကေသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် သတင်းသမား စုစုပေါင်း ၁၀၁ ဦး အဖမ်းခံခဲ့ရကာ ၆၆ ဦး ပြန်လည်လွတ်မြောက်ခဲ့ကာ ၃၅ ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Myanmar Press Freedom In-Depth  ကထုတ်ပြန် ထားပါတယ်။

လတ်တလော ပုသိမ်မှာ မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်တပ်က ဖမ်းဆီးပြီး  စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေသလို ရန်ကုန်အခြေစိုက် သင်္ကန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာမထက်ထက်နဲ့ သတင်းထောက်ကိုဝေလင်းယုတို့ကို ဖောက်ခွဲရေးဆိုင်ရာဥပဒေပုဒ်တွေနဲ့ အမှုဖွင့်ထားတယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013