DVB Logo
Home
မြန်မာသတင်း
ရုပ်သံဥပဒေကို ထောင်ဒဏ်များထပ်ထည့်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ပြင်ဆင်ပြဋ္ဌာန်း
DVB
·
November 2, 2021
ရုပ်သံဥပဒေကို ထောင်ဒဏ်များထပ်ထည့်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ပြင်ဆင်ပြဋ္ဌာန်း
Donate to DVB

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်တာနဲ့ပတ်သက်လို့  မူလ ဥပဒေမှာမပါတဲ့ ထောင်ဒဏ်တွေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ထည့်သွင်းပြင်ဆင်ပြဋ္ဌာန်းလိုက်ပြီး  အင်တာနက်အပါအဝင် တခြားနည်းပညာတွေနဲ့ ရုပ်သံထုတ်လွှင့်တာကိုလည်း ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်မှုအဖြစ် သတ်မှတ်လိုက်ပါတယ်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့  ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာ ၁ ရက်နေ့မှာ ပြဋ္ဌာန်းထုတ်ပြန်လိုက်တာပါ။

နဂိုဥပဒေမှာ “အင်တာနက်မှ တဆင့်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုများ အကျုံးဝင်ခြင်းမရှိစေရ”လို့ ရေးထားတဲ့နေရာမှာ  “အခြားနည်းပညာတရပ်ရပ်ကို အသုံးပြု၍ ထုတ်လွှင့်ခြင်းကို ဆိုသည်” လို့ အစားထိုးလိုက်တာပါ။

ဒါ့အပြင် မူလဥပဒေမှာ မပါတဲ့ ထောင်ဒဏ်တွေကိုလည်း ထပ်ဖြည့်လိုက်ပြီး ရဲက ဖမ်းနိုင် အရေးယူနိုင်ဖို့အတွက်လည်း ပြင်ဆင်သတ်မှတ်ပါတယ်။

ဥပဒေရဲ့ ပြစ်မှုပြစ်ဒဏ်အခန်းက ပုဒ်မ ၉၆ မှာ လိုင်စင်မရှိဘဲ ရုပ်မြင်သံကြားနဲ့အသံထုတ်လွှင့်မယ်ဆိုရင် မူလက ငွေဒဏ် ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ချမှတ်ရမဲ့အပြင် ပြစ်မှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်ဆိုတာကို အနည်းဆုံး ၃ နှစ်ကနေ အများဆုံး ၅ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေလို့ ပြစ်ဒဏ်တွေ ထပ်ဖြည့်ပါတယ်။

ပြီးတော့ လိုင်စင်သက်တမ်းကုန်ပြီးနောက် သက်တမ်းထပ်မတိုးဘဲ ဆက်လွှင့်နေမယ်ဆိုရင် ပုဒ်မ ၉၇ အရ ငွေဒဏ် ကျပ် သန်း ၅၀ ကနေ သိန်း ၁၀၀ အထိ မူလက သတ်မှတ်ထားတာကိုလည်း ထောင်ဒဏ် ၆ လကနေ တနှစ်အထိဆိုတာကို ထပ်ပြီး ဖြည့်စွက်ပါတယ်။

သတင်းမီဒီယာလုပ်ငန်း ပိုင်ဆိုင်လုပ်ကိုင်ခွင့်သတ်မှတ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် မူလက ငွေဒဏ် ကျပ် သိန်း ၁၀၀ ကနေ ကျပ်သိန်း ၃၀၀ အထိနဲ့ ပစ္စည်းတွေကို သိမ်းဆည်းမယ်ဆိုတဲ့ သတ်မှတ်ချက်မှာလည်း ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိလို့ ထပ်ပေါင်းပြင်ဆင်ပါတယ်။

ပုဒ်မ ၉၉ ဖြစ်တဲ့ လိုင်စင်ရုပ်သိမ်းတာ၊ ကန့်သတ်ရပ်ဆိုင်းခံထားရတုန်းမှာ  ဆက်လက်ထုတ်လွှင့်မယ်ဆိုရင် မူလက ငွေဒဏ် ကျပ်သိန်း ၃၀၀ ကနေ ၅၀၀ အထိချမှတ်နိုင်ပြီး ပစ္စည်းတွေကို သိမ်းဆည်းမယ်ဆိုတာမှာလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိလို့ ထပ်ပြီး ဖြည့်စွက်ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာန၊ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီ၊ အမျိုးသားရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့က ထုတ်ပြန်တာတွေကို မလိုက်နာ ဖောက်ဖျက်ရင် ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်၊ ငွေဒဏ် ကျပ်သိန်း ၁၀၀ ကနေ ၅၀၀ အထိ၊ ဒါမှမဟုတ် ဒဏ် ၂ ရပ်လုံးဆိုပြီးတော့လည်း ပုဒ်မခွဲအသစ်တခုကို ထပ်ဖြည့်ပါတယ်။

မူလကတော့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီကိုပဲ ဒီဥပဒေပါကိစ္စတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုခွင့်ပေးထားခဲ့ပေမဲ့ အခုတော့ ရဲအရေးပိုင်တယ်လို့ ထပ်ပြီး ဖြည့်စွက်ပါတယ်။

စစ်တပ်ဟာ နိုင်ငံတော်အာဏာကို တရားမဝင် ရယူထားပြီးနောက်မှာ နိုင်ငံရေးနဲ့ ဆက်စပ်ပါဝင်နေသူတွေကိုရော၊ သတင်းမီဒီယာတွေကိုပါ  ဖိနှိပ် ဖမ်းဆီး ကန့်သတ်ခဲ့တာပါ။

လက်ရှိမှာ DVB အပါအဝင် သတင်းဌာန ၉ ခုကို အကြမ်းဖက် စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းတယ်လို့ ကြေညာထားပြီး ၇ ခုကတော့ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီထဲမှာ ရုပ်သံထုတ်လွှင့်တဲ့ ဌာန ၂ ခုနဲ့ အင်တာနက်ကနေ သတင်းတွေ ထုတ်လုပ်နေတဲ့ ဌာန ၅ ခု ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013