DVB Logo
Home
မြန်မာသတင်း
စင်ကာပူက မြန်မာနိုင်ငံသားပိုင်ဘဏ်စာရင်းများကို ပိုမိုစိစစ်တင်းကျပ်လာ
DVB
·
November 1, 2021
စင်ကာပူက မြန်မာနိုင်ငံသားပိုင်ဘဏ်စာရင်းများကို ပိုမိုစိစစ်တင်းကျပ်လာ
Donate to DVB

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ချောလက်နဲ့ စင်္ကာပူ ငွေကြေးဆိုင်ရာအဖွဲ့မှ ဒုညွှန်ကြားရေးမှူး မစ္စဟိုဟန်းရှင်တို့ တွေ့ဆုံခဲ့ပြီးနောက် စင်ကာပူက သူ့နိုင်ငံမှာရှိတဲ့  မြန်မာနိုင်ငံသားပိုင်ဘဏ်စာရင်းတွေကို  စိစစ်တင်းကျပ်မှုတွေလုပ်လာနေပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေရေး စင်ကာပူဟာ သူ့ရဲ့ ဓနအင်အားဩဇာကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ဖိအားပေးနိုင်စွမ်းရှိတယ်လို့ ဒဲရက်ချောလက်က ပြောထားပြီး ငွေကြေးတွေ မြန်မာစစ်တပ် အသုံးမပြုနိုင်ဖို့ စင်္ကာပူနိုင်ငံနဲ့တွဲဖက် ဆောင်ရွက်သွားမယ်လို့လည်း ပြီးခဲ့တဲ့လက ပြောထားတာဖြစ်ပါတယ်။

စင်ကာပူက မြန်မာနိုင်ငံသားပိုင်ဘဏ်စာရင်းတွေကို အရင်ကထက် ပိုမိုစိစစ်တင်းကျပ်လာတဲ့အပေါ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက “အခုလောလောဆယ်တော့ စင်ကာပူမှာရှိတဲ့ ဘဏ်အကောင့်တွေမှာ (transit) ကြားခံအနေနဲ့ ဆောင်ရွက်တဲ့နေရာမှာ အရင်ကထက်စာရင် ပိုပြီး စိစစ်လာတာ တွေ့ရတယ်။ ဒိအတွက် စရိတ်များလာတယ်လို့တော့ ပြောလို့မရဘူး။ တခုတော့ ရှိတာပေါ့။ စင်ကာပူကို တဆင့်ခံတဲ့ဟာက နည်းသွားပြီး မြန်မာပြည်ကနေပဲ တန်းပြီးသုံးလာကြတယ်။ ဆိုလိုတာက စင်ကာပူမှာ စိစစ်တဲ့ဟာတွေက စင်ကာပူကို တဆင့်မခံတော့ဘဲ မြန်မာပြည်ကနေ တိုက်ရိုက်တန်းပြီးသုံးလာတာ။ အရင်တုန်းကတော့ စင်ကာပူက တဆင့်ခံပြီးတော့ စင်ကာပူဘဏ်မှာ အရင်ထည့်။ ပြီးတော့မှ မြန်မာပြည်က ဘဏ်မှာ ပြန်ထည့်ပေါ့။ အခုတော့ စိစစ်လိုက်တဲ့အတွက်ကြောင့် မြန်မာပြည်မှာရှိတဲ့ ဘဏ်ကနေပဲ တန်းပြီး လုပ်ကြတာ” လို့ ပြောပါတယ်။

တခြားစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ အမြင်ကလည်း “စင်ကာပူမှာ (transit) ထားတယ်ဆိုတာက စျေးနှုန်းကစားလို့ ရအောင်ထားကြတာ။ Invoice မှာ လျှော့ပြတာ၊ တိုးပြတာလို့ လုပ်လို့ရတယ်လေ။ အခွန်ပေးရတာ သက်သာအောင်လုပ်ကြတာ။ အခု ဒီကဘဏ်ကနေ တန်းထည့်တဲ့ဟာကျတော့ အစိုးရကို အခွန်ပေးရတာပေါ့နော်။ စင်ကာပူကလည်း သူကျပ်တာ မှန်တယ် ထင်ပေမဲ့ တခါတလေကျတော့လည်း မှန်လား၊ မှားလား ပြောရခက်တယ်။ အဲ့တော့ တိုက်ရိုက်သုံးကြတာပေါ့ဗျာ။ အခုက မြန်မာပြည်မှာ စင်ကာပူက ဘဏ်တွေလည်း ရှိတယ်လေ။ လိုင်စင်ပေးထားတာ။ ဒါ့အပြင် နိုင်ငံခြားငွေကြေးနဲ့ပတ်သတ်ပြီး လုပ်ကိုင်ခွင့်ရရှိတဲ့ ပုဂ္ဂလိကဘဏ်ကလည်း ၂၃ ခုရှိတယ်လေ။ ဆိုတော့ ကုန်သွယ်ရေးအပေါ်မှာတော့ သက်ရောက်မှုက မရှိပါဘူး။ တခုပဲ ရှိတယ်။ ဒါက စင်ကာပူဘဏ်တွေက မြန်မာပြည်အတွက် ဝန်ဆောင်မှုပေးရတာ နည်းသွားတာပေါ့” လို့ဆိုပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ စီးပွားရေးကွင်းဆက်တွေကို  ဖြတ်တောက်ဖို့ စင်ကာပူအာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးဆောင်ရွက်ဖို့  Justice For Myanmar  အဖွဲ့က မကြာသေးခင်က ကြေညာချက်ထုတ်ပြန်တောင်းတိုက်တွန်းထားပါတယ်။ 

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာစစ်တပ်ကို စင်ကာပူစီးပွားရေးလုပ်ငန်းတွေက ကူညီပံ့ပိုးနေတာက စိတ်ပျက်ဝမ်းနည်းစရာ ကောင်းပါတယ်။ စင်ကာပူအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ပိုင်နက်နယ်မြေကို မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ စီးပွားရေးဗဟိုချက်အဖြစ် အသုံးပြုနေတာကို ရပ်တန့်ဖို့ ချက်ချင်းလက်ငင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သင့်ပါတယ်။ မြန်မာပြည်သူတွေက တရားမဝင် သွေးထွက်သံယို စစ်အာဏာသိမ်းကြိုးပမ်းမှုကို နွေဦးတော်လှန်ရေးအတွင်း ၉ လနီးပါး ရောက်ရှိလာတဲ့အထိ သတ္တိပြောင်စွာနဲ့ ဆက်လက်ခုခံဆန့်ကျင် နေချိန်မှာ ဒီအကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို ဆက်ပြီး လုပ်ဆောင်နေပါတယ်။” လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

မြန်မာစစ်တပ်ထံကို စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီရဲ့ ငွေပေးချေမှုတွေကြောင့် ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုတွေအတွက် စင်ကာပူနိုင်ငံဟာ နိုင်ငံတကာ ဥပဒေအရတာဝန်ရှိနိုင်ပြီး လျော်ကြေးပေးဖို့ တာဝန်ရှိနိုင်တယ်လို့ အထင်ကရ နိုင်ငံတကာ ဝတ်လုံတော်ရရှေ့နေ ဖီလစ်စီတီဂယ်ရီကျူစီကလည်းပြောကြားထားပါတယ်။

နိုင်ငံတကာဥပဒေနဲ့ လမ်းညွှန်ချက်တွေအရ စင်ကာပူစတော့အိတ်ချိန်းဟာ တင်ကြိုကနဦး စိစစ်ရေး တာဝန်တွေရှိပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ စပ်လျဉ်းပြီး စင်ကာပူအစိုးရနဲ့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့ဟာ တာဝန်မကင်းနိုင်ကြောင်းလည်း ရှေ့နေကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013