DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီး၌ CDM ဝန်ထမ်းများကို စစ်တပ်က ဖမ်းမမိသဖြင့် ဓားစာခံအဖြစ် ၁၀ ဦး ထက်မနည်း ဖမ်းသွား
DVB
·
November 1, 2021
တောင်တွင်းကြီး၌ CDM ဝန်ထမ်းများကို စစ်တပ်က ဖမ်းမမိသဖြင့် ဓားစာခံအဖြစ် ၁၀ ဦး ထက်မနည်း ဖမ်းသွား
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က အာဏာဖီဆန် CDM မှာပါဝင်သူတွေကို အောက်တိုဘာ ၃၁ ရက်ညပိုင်းက ရဲနဲ့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ လိုက်လံဖမ်းဆီးရာမှာ ဖမ်းမမိလို့ မိသားစုတွေကို ဓားစာခံအဖြစ် ဖမ်းသွာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ၁၀ ဦးထက်မနည်းရှိပြီး အများစုဟာ အမျိုးသမီးတွေဖြစ်ကာ CDM သမား ကာယကံရှင်ကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို ဖမ်းဆီးသွားကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တောင်ပြင် ၂ ရပ်ကွက်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက ''ညက အဖမ်းခံရတဲ့သူ ၁၀ ယောက် ကျော်တယ်။ ကျနော် သိရသလောက်တော့ တောင်ပြင် ၂ ထဲက အမျိုးသမီး လေးဦး ပါတယ်။ ကျန်းမာရေးက CDM သမားကို မတွေ့လို့ဆိုပြီး အသက် ၅၀ အရွယ်သူ့အမေကို ဖမ်းသွားတယ်။ နောက်ကောင်မလေး နှစ်ယောက်ဆို တယောက်က ၁၇ နှစ်ဝန်းကျင်နဲ့ ၂၃ နှစ်ဝန်းကျင်တွေပါသွားတယ်။ သူတို့မိဘနှစ်ယောက်လုံးက CDM သမားတွေကို မတွေ့လို့တဲ့ ဓားစာခံခေါ်သွားတာ။ မိုက်ရိုင်းလွန်းတယ်ဗျာ'' လို့ ပြောပြပါတယ်။

တောင်တွင်းကြီးမြို့ တောင်ပြင် ၂ ရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်ဇင်မာအောင်ကတော့ ရှောင်တိမ်းနေတာမဟုတ်လို့ လူကိုယ်တိုင် ဖမ်းဆီးခံလိုက်ရတယ်လို့ ဆက်လက်ပြောပြပါတယ်။

စစ်ကောင်စီတပ်တွေက တောင်ပြင် ၂ ရပ်ကွက်က CDM ကျန်းမာရေးဝန်ထမ်း နေအိမ်ကို ဝင်ရောက်စဉ် အနီးအနား နေအိမ်တွေက ယောကျ်ားသားတွေကို လမ်းပေါ်ထွက် ဒူးထောက်ခိုင်းပြီး ရိုက်နှက်ခဲ့သလို  လက်ကိုင်ဖုန်း ၁၅ လုံးခန့်ကိုလည်း သိမ်းဆည်းသွားကြောင်းနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ “သတင်းပေါက်ရင် မလွယ်ဘူး” ဆိုပြီးလည်း ခြိမ်းခြောက်သွားတယ်လို့လည်း  နီးစပ်သူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း တောင်တွင်းကြီးမြို့ပေါ်မှာ စစ်ကား ၆ စီးဝန်းကျင်လောက်ဟာ စစ်သားအပြည့်တင်ဆောင်ပြီး မြို့ပေါ်လှည့်ပတ်နေပြီး  လမ်းသွားလမ်းလာတွေရဲ့ ဆိုင်ကယ်တွေ၊ လက်ကိုင်ဖုန်းတွေကို စစ်ဆေးနေပါတယ်။

တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်ကြံ့ခိုင်ရေးအမာခံ သတင်းပေး ဦးမြင့်ဝင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တပ်ရင်းမှူးအဆင့်ရှိသူရဲ့ ဇနီးဖြစ်သူနဲ့ အစ်မဖြစ်တဲ့ ကြယ်တံခွန်မုန့်ဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူထိုက်တို့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁ ရက်ကစတင်ပြီး စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်ဖွင့်ခိုင်းထားပေမဲ့ စာသင်ကျောင်းတွေကို ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေ လာရောက်သူ မရှိကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013