DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း စစ်အုပ်စုဩဇာခံ နေရာများကို ဒေသခံ PDF ကတိုက်ခိုက်
DVB
·
November 1, 2021
မကွေးတိုင်းအတွင်း စစ်အုပ်စုဩဇာခံ နေရာများကို ဒေသခံ PDF ကတိုက်ခိုက်
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာနဲ့ စက်ရုံ ပစ်မှတ်တွေကို  တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ 

ရေစကြိုမြို့မှာရှိတဲ့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးရုံးကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းမှာ မိုင်းဖောက်ခွဲခဲ့ရာ ရုံးအရှေ့ခြမ်းနဲ့ ကားတစ်စီး ပျက်စီးသွားခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

“ရေစကြိုမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ သစ္စာခံရုံးတွေနဲ့ စစ်ကောင်စီရဲ့ နောက်လိုက်ဝန်ထမ်းတွေကို ကြိုတင်သတိပေးထားပြီးသားဖြစ်တယ်။ ဒီကနေ့ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ဖောက်ခွဲခဲ့ပေမယ့် နောက်အကြိမ်ဆိုရင် ပိတ်ရက် ဖွင့်ရက်မခွဲဘဲ ပစ်မှတ်ထားတိုက်ခိုက်သွားမယ်။”

ပြည်သူလူထုတဲ့အတူ မရပ်တည်သေးတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သစ္စာခံရုံးတွေနဲ့ နောက်လိုက်ဝန်ထမ်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူလူထုရဲ့ ရင်ခွင်ကို ခိုလှုံကြဖို့ နောက်ဆုံးအကြိမ် သတိပေးထားတယ်လို့လည်းဆိုပါတယ်။

ရေစကြိုမြို့က မိဘပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့နေရာတွေ၊ ဌာနတွေနဲ့ မြို့တွင်းမြို့ပြင်တွေကို မလိုအပ်ဘဲ မသွားကြဖို့၊ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ခြေမှုန်းရာမှာ ပူပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ မြိုင်မြို့နယ်အတွင်းမှာလည်း  မြိုင်စက်မှု ၂ စက်ရုံကို အောက်တိုဘာ ၃၁ ရက်နေ့ညဦးပိုင်းက  ရှော့ဒုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing PDF) ထံက သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်ရုံအတွင်း လူတွေထိခိုက်မှုရှိမရှိနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဗိုလ်ဂတုံး (ထုတ်လုပ်ရေး-Zone 2) ခေါင်းဆောင်တဲ့အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ Myaing PDF ရဲ့ တာဝန်ခံက အတည်ပြုပြောပါတယ်။

မြိုင်ဒေသခံတဦးက “မြိုင်စက်မှု ၂ ဟာ မြိုင်မြို့ရဲ့တောင်ဘက် ၄  လောက် ဝေးတယ်။ အကြီးစားစက်ရုံသုံးပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံလို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်မတိုင်ခင်က အဆိုပါစက်ရုံမှာ  အရပ်သားစက်ရုံမှူးနဲ့ အရပ်သားဝန်ထမ်းတွေက လုပ်ကိုင်ကြပြီး ၂၀၁၃ နောက်ပိုင်းမှာတော့ စစ်တပ်က လက်ဝါးကြီးအုပ်လိုက်ပြီး စစ်သားတွေ လုပ်ကိုင်နေတာတွေ့ရတယ်လို့ ဒေသခံက ဆက်လက်ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013