DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ခုခံတွန်းလှန်ရန် NUG တိုက်တွန်း
DVB
·
October 30, 2021
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ခုခံတွန်းလှန်ရန် NUG တိုက်တွန်း
Donate to DVB

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာမှာ ရှိတဲ့နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ပြီးတော့ ခုခံတွန်းလှန်ကြဖို့နဲ့ မြေပြင်မှာ ခုခံတွန်းလှန်မှုပြုလုပ်နေကြတဲ့ ပြည်သူ့ သူရဲကောင်းတွေကို နည်းမျိုးစုံနဲ့ ဆက်လက်ထောက်ပံ့ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ထန်တလန်မြို့က ပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကနဦး သိရှိရတဲ့အတွက် များစွာတုန်လှုပ်ချောက်ချား ဖြစ်ရကြောင်း ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ ရောက်ရှိအခြေပြုနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့က အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ မြို့ပေါ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒီကနေ့မနက် ၁၀ နာရီအချိန်အထိ ဒေသခံပြည်သူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဆီက သတင်းတွေအရ ခရစ်ယာန် ဘုရားကျောင်းနဲ့ သာသနိကအ ဆောက်အအုံတွေ အနည်းဆုံး ၃ ခုအပါအဝင် လူနေအိမ် ၁၆၄ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်က လူနေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး လူနေအိမ်ပေါင်း ၂၀ ကျော် ပျက်စီးခဲ့ရပြီး၊ သင်းအုပ်ဆရာတော် ၁ ပါး သေဆုံးခဲ့ရကာ၊ ဒေသခံပြည်သူအားလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ်က ရပ်ကွက်/ ကျေးရွာတွေ ဖြစ်တဲ့ ရယ်လ်သီး(Rialti)၊ တလန်ရောန်(Thlanrawn)၊ တားလ်(Taal)နဲ့ ရမ်ထလို (Ramthlo) ရွာတွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့တာတွေ ပြုလုပ်ခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ် ၃၅ လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရပြီး၊ အနည်းဆုံး လူနေအိမ် အလုံး ၁၀၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်မှာတော့ လွိုင်ကော်နဲ့ ဒီးမောဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူနေအိမ် ၂၆၇ လုံးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လူနေအိမ် ၅၈ လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှုပစ္စည်းအပါအဝင် အဖိုးတန် ပစ္စည်းဥစ္စာတွေကို သိမ်းပိုက်ယူငင်တာ၊  သာသနိကအဆောက်အအုံတွေထဲ တပ်စွဲကာ သက်ဆိုင်ရာဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဘာသာရေး အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေအပေါ် စိတ်ထင်သလို အကြမ်းဖက်ပြုမူ ဖမ်းဆီး သတ်ဖြတ်တာတွေ အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီယန္တရားအဆင့်ဆင့်မှာ အကြောင်းကြောင်းကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက် နေရသူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အမြန်ဆုံးရပ်တန့်ပြီး၊ ပြည်သူနဲ့အတူ အလျင်အမြန် ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုနဲ့ လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြု တန်ဖိုးထားကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို မျက်ခြည်မပြတ် စောင့်ကြည့်သိရှိပြီး၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူတွေ ဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန်ပြုလုပ်နိုင်ဖို့ NUG က အလေးအနက် တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ရက်က ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီက ပြုမူခဲ့တဲ့ကိစ္စရပ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအတွက် ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ စစ်ကောင်စီကြောင့် ဒုက္ခဆင်းရဲမှုမျိုးစုံ ကြုံတွေ့နေရသည့် တိုင်းရင်းသားပြည်သူတွေကို NUG အနေဖြင့် ပြည်သူအတွက်ပြည်သူက ရပ်တည်ကြမယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တတ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013