DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးနှင့် မြို့သစ်မြို့တို့တွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
DVB
·
October 30, 2021
တောင်တွင်းကြီးနှင့် မြို့သစ်မြို့တို့တွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နဲ့   မြို့သစ်မြို့တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး  ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ တောင်ပြင် ၂ ရပ်ကွက်က မေဃဝန် အ.မ.က စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၂၉ ရက် ည ၁၂ နာရီလောက်က  အချင်းချင်းပစ်ခတ်လို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတာဖြစ်ပါတယ်။

ဒေသခံတဦးက “ည ၁၂ ကျော်လောက်က မေဃဝန်စာသင်ကျောင်းထဲမှာ တရစပ် အတွဲလိုက်ပစ်နေတာ။ မူးပြီး အချင်းချင်းစကားများပြီးပစ်ကြတာ။ တယောက် သေတယ်လေ။ သေတဲ့စစ်သားကို ညတွင်းချင်း ရင်ခွဲရုံကိုပို့လိုက်တယ်တဲ့။ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ် ကြားတယ်။'' ပြောပြပါတယ်။

သေဆုံးသူဟာ တပ်ကြပ်အဆင့် ထက်ဝေဦး ဆိုသူဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ တောင်တွင်းကြီး ဘာသာစုံသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

အဆိုပါ မေဃဝန်စာသင်ကျောင်းကို သြဂုတ်လပိုင်းထဲကစတင်ပြီး စစ်ကောင်စီ တပ်သား အယောက် ၂၀ ခန့် တပ်စွဲနေတာဖြစ်ပါတယ်။

“အဲဒီကျောင်းထဲက စစ်သားတွေက ညတိုင်းမူးကြတာ။ သောက်ပြီး မူးပြီဆိုရင် ပြည်သူကို မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ဆဲကြတယ်။ ကျန်ခဲ့တဲ့လထဲကလည်း ရပ်ကွက်ထဲက ပြည်သူတွေရဲ့ နွားတွေကို ကျောင်းထဲ မောင်းသွင်းပြီး နွားပိုင်ရှင်တွေကို ငွေနဲ့ လာရွေးခိုင်းသေးတယ်။ မသဒ္ဓါရေစာတွေ စားနေကြတာ ဖြစ်မှာပဲလေ” လို့ ဒေသခံတဦးက ပြောပြပါတယ်။

အောက်တိုဘာ ၂၇ ရက်က တောင်တွင်းကြီးမြို့၊ အုန်းတော ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်သား ၁ ဦး သေဆုံးပြီးနောက် ၂ ရက်အကြာမှာ အချင်းချင်းပစ်ခတ်လို့ နောက် ၁ ဦးထပ်မံ သေဆုံးတာလည်း ဖြစ်ပါတယ်။

အလားတူ မကွေးတိုင်း၊ မြို့သစ်မြိုမှာလည်း  မြို့သစ်ပြည်သူ့ဆေးရုံးအနီး မကြီးချိုကျေးရွာလမ်းထိပ်မှာ ကင်းစောင့်နေတဲ့ အစောင့်စစ်သား ၅ ယောက်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ အရပ်ဝတ်စစ်သား ၂ ယောက်တို့ အောက်တိုဘာ ၂၉ ရက်နေ့ ၁၂ နာရီခွဲဝန်းကျင်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ကယ်နဲ့လာသူ ၂ ဦးအနက် ၁ ဦးမှာ ဦး ခေါင်းပွင့်သေဆုံးပြီး ကျန် ၁ ဦး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရပြီး ဂိတ်စောင့်စစ်သား ၅ ယောက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက ''ညက သေနတ်ပစ်သံကြားလိုက်တော့ ချောင်းကြည့်ရတာပေါ့။ ဆိုင်ကယ်နဲ့လာတဲ့ အရပ်ဝတ်နဲ့လူ ၂  ယောက်ကလည်း အဲ့ ဒီဂိတ်က အစောင့်စစ်သားဘဲ အရင်နေ့ညက ဂျူတီချိန်းတော့ အချင်းချင်းစကားများ ရန်ဖြစ်တဲ့အသံတွေဆူညံလို့။ သူတို့အချင်းချင်းပစ်ကြခတ်ကြတာပါ'' လို့ ပြောပြပါတယ်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသူရဲ့ ရာထူး၊ အမည်နဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရသူရဲ့ နောက်ဆုံးအခြေအနေကိုသိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြန်ကြားရေးတာဝန်ခံက"ဒီဖြစ်စဉ်က ဗိဿနိုးတပ်မတော်နဲ့ဘာမှမဆိုင်ဘူး။ ဗိဿနိုးကရဲ ဘော်တွေလည်းမဟုတ်ဘူး။ လုပ်ပြီးရင်လည်းကြေညာချက်ထုတ်ပြန် ပေးတယ်။ ဗိဿနိုးတပ်မတော်က ရဲဘော်တွေအတွက် စိုးရိမ်ပေးကြတဲ့ ပြည်သူတဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်'' လို့ ရှင်းပြပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ညတိုင်းနီးပါး မြို့လုံခြုံရေးအကြောင်းပြကာ ညည့်နက်လှည့်ကင်းလှည့်ပတ်ကြရင်း သောက်စားမူးယစ်ပြီး မကြာခဏဆိုသလို အချင်းချင်းစကားများရန်ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013