အင်ဒိုနီးရှားနိုင်ငံ အာနက် ကရာကတော မီးတောင်ပေါက်ကွဲမှုကြောင့် လေဆိပ်ခုနစ်ခု ဆက်ပိတ်ထားရပြီး လေကြောင်းခရီးစဉ် ၂,၃၀၀ လောက် ဖျက်သိမ်းခဲ့ရကာ ခရီးသည် ၂၇၀,၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။
မီးတောင်ဟာ စက်တင်ဘာ ၄ ရက် ညနှောင်းပိုင်းက စတင်ပေါက်ကွဲခဲ့ပြီး သီတင်းပတ်ကုန်မှာ ဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။ နောက်ဆုံးပေါက်ကွဲမှုကို စက်တင်ဘာ ၆ ရက် ည ၈ နာရီ ၂၃ မိနစ်မှာ မှတ်တမ်းတင်ထားပါတယ်။
မီးတောင်ပြာတွေ ဂျကာတာနဲ့ အနီးဝန်းကျင်ဒေသတွေထိ ပျံ့နှံ့လာတာကြောင့် အစောပိုင်းမှာ လေဆိပ်ရှစ်ခု ပိတ်ခဲ့ရပြီး အဲဒီထဲက တခု ပြန်ဖွင့်နိုင်ခဲ့ပါတယ်။
Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ကျန်လေဆိပ်ခုနစ်ခုကို စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအထိ ဆက်ပိတ်ထားမှာ ဖြစ်ပါတယ်။
လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတာ၊ နောက်ကျတာနဲ့ လမ်းကြောင်းပြောင်းတာတွေကြောင့် လေဆိပ်တွေမှာ ခရီးသည်တွေ စောင့်ဆိုင်းနေရပြီး တချို့က တခြား သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေ ပြောင်းသုံးနေရပါတယ်။
အင်ဒိုနီးရှား မိုးလေဝသဌာန BMKG အဆိုအရ မီးတောင်ပြာတွေဟာ ဂျာဗားဘက်မှာ ပေ ၂၀,၀၀၀ အထိနဲ့ ဆူမားတြားဘက်မှာ ပေ ၅၀,၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒူဒီ ပူဝါဂန်ဒီက “ရာသီဥတုအခြေအနေ ပြောင်းလဲနေတဲ့အတွက် ဒီအခြေအနေ ဘယ်အချိန်ပြီးမလဲဆိုတာ မသတ်မှတ်နိုင်သေးပါဘူး” လို့ ပြောပါတယ်။
မီးတောင်ပြာဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ဂျကာတာနဲ့ လမ်ပွန်ဒေသက ကျောင်းတွေကို အွန်လိုင်းသင်ကြားမှု ပြောင်းထားပြီး အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့လည်း သတိပေးထားပါတယ်။
အာဏာပိုင်တွေက မီးတောင်ဝကနေ သုံးကီလိုမီတာအတွင်း မဝင်ဖို့ တားမြစ်ထားပြီး နောက်ထပ်ပေါက်ကွဲနိုင်ခြေ မြင့်နေသေးတယ်လို့ သတိပေးထားပါတယ်။
လက်ရှိ မီးတောင်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ ဆူနာမီသတိပေးချက်တော့ မရှိသေးပါဘူး။











