DVB Logo
Home
မြန်မာသတင်း
အာဆီယံ၊ အမေရိကန်နှင့် တရုတ်တို့ မြန်မာအရေးသဘောထားတိုက်ဆိုင်မှု စစ်အုပ်စုအတွက် အလားအလာမကောင်းဟုသုံးသပ်
DVB
·
October 29, 2021
အာဆီယံ၊ အမေရိကန်နှင့် တရုတ်တို့ မြန်မာအရေးသဘောထားတိုက်ဆိုင်မှု စစ်အုပ်စုအတွက် အလားအလာမကောင်းဟုသုံးသပ်
Donate to DVB

အာဆီယံ၊ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မြန်မာပြည်တည်ငြိမ်ရေးသဘောထားတိုက်ဆိုင်မှုဟာ စစ်ကောင်စီအတွက် ကောင်းမွန်တဲ့အလားအလာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို အွန်လိုင်းကနေ Virtual စနစ်နဲ့  ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ်စီစဉ် ကျင်းပခဲ့တာပါ။ 

ဒီအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ကြားဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်အဝေးကနေ  သဘောတူဆုံးဖြတ်ခဲ့တာကြောင့် စစ်ကောင်စီအတွက်ကြီးမားတဲ့ ဖိအားဖြစ်စေခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင်တက်ရောက်ပြီး မြန်မာပြည်တည်ငြိမ်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးခဲ့ပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံကလည်း သူတို့ရဲ့ပိုးလမ်းမတည်ဆောက်မှုအဆုံးသတ်နိုင်ဖို့ မြန်မာပြည်တည်ငြိမ်ရေးကိုလိုလားနေတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော ကသုံးသပ်ပါတယ်။

ဒီလို အာဆီယံ၊ အမေရိကန်နဲ့ တရုတ်တို့ရဲ့ မြန်မာပြည်တည်ငြိမ်ရေးသဘောထားတိုက်ဆိုင်မှုဟာ စစ်ကောင်စီအတွက်တော့  ကောင်းတဲ့အလားအလာမဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ 

"အမေရိကန်က ၂၀၂၂ မှာ ကြားဖြတ်ရွေးကောက်ပွဲရှိတာကိုး။ အဲ့ဒီမှာ ဒီမိုကရက်ပါတီပြန်နိုင်ဖို့ ကြိုးစားရလိမ့်မယ်။ဒီမိုကရက်တစ်ပါတီက အိုဘားမားတို့ ဟီလာရီကလင်တန်တို့ ခေတ်ကတည်းက မြန်မာပြည်ဒီမိုကရေစီလမ်းစဉ်ဖြောင့်ဖြူးတာဟာ ဒီမိုကရက်ပါတီရဲ့ သံခင်းတမန်ခင်းအောင်မြင်မှုလို့ သဘောထားထားတာကိုး။ ဂျိုးဘိုင်ဒင်တို့ဘက်ကလည်း မြန်မာပြည်ကို အနိမ့်ဆုံး ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ဖို့လိုချင်တယ်။ ဒါကြောင့်ဖိပြောနေတာ။ တရုတ်ကလည်း သူ့ရဲ့ပိုးလမ်းမ မြန်မာပြည်ကို  ဖြတ်ဖို့ရာပဲကျန်တော့တယ်။ အဲ့ဒီတော့ မြန်မာပြည်တည်ငြိမ်ဖို့လိုတယ်။ မြန်မာပြည်မတည်ငြိမ်ရင် ပိုးလမ်းမတည်ဆောက်ရေးဟာလည်း တော်တော်ခက်ဦးမှာကိုး။ အဲ့ဒီတော့ တရုတ်ကလည်း ဘာပဲဖြစ်ဖြစ်မြန်မာပြည်ကို တည်ငြိမ်စေချင်တာပါတယ်။ အဲ့လို့ရည်မှန်းချက်ချင်းတူနေတော့ တရုတ်နဲ့အမေရိကန်က တခြားနေရာမှာသာ ပဋိပက္ခဖြစ်ချင်ဖြစ်မယ်။ မြန်မာပြည်အရေးမှာတော့ ပူးပေါင်းပြီးတော့ လုပ်စရာရှိတာလုပ်လိမ့်မယ်လို့ ထင်ပါတယ်။"

၃ ရက်ကြာ အာဆီယံထိပ်သီးအစည်းအဝေးပြီးသွားချိန်မှာ အာဆီယံက စစ်ကောင်စီနဲ့ တိုးတိုးတိတ်တိတ် ညှိနှိုင်းတာတွေရှိနိုင်နေသေးပေမယ့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို လက်သင့်မခံတော့ဘူးဆိုတာကိုတော့ အစည်းအဝေးမှာ ခေါင်းဆောင်တွေက ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

အာဆီယံ ၉ နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်ထားတဲ့အကျိုးစီးပွားတွေကို ထိန်းသိမ်းချင်တဲ့အတွက် မြန်မာနိုင်ငံတည်ငြိမ်နေဖို့ လိုလားနေကြတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်၊ Carleton College ရဲ့နိုင်ငံရေးသိပ္ပံဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။

ဒေါက်တာထွန်းမြင့်က "တရုတ်နဲ့စင်္ကာပူက သူတို့ရဲ့ပိုက်ဆံတွေကိစ္စ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိစ္စ NUG ဒီမိုကရေစီနွေဦးတော်လှန်ရေးအောင်မြင်မှသာ သူတို့ရဲ့ အနာဂတ်လည်းကောင်းမယ်ဆိုတာ မြင်မယ်ဆိုရင်တော့ စစ်ကောင်စီအတွက်ကတော့ မကောင်းဘူးပေါ့။"လို့ ပြောပါတယ်။

မြန်မာပြည်သူတွေကတော့ စစ်အာဏာရှင်ကို လုံးဝလက်မခံနိုင်ကြောင်း ဆန္ဒသဘောထားတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆက်တိုက်ပြသနေဖို့လိုတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

မြန်မာပြည်သူတွေက ညီညွတ်မှုကိုပြနိုင်မှ အာဆီယံဒေသတွင်းပြည်သူတွေအချင်းချင်း ထောက်ခံပံ့ပိုးမှုကိုရနိုင်မှာဖြစ်သလို အာဆီယံနိုင်ငံခေါင်းဆောင်တွေက သူတို့ပြည်သူတွေအလိုကျ မြန်မာပြည်အတွက် စဉ်းစားဆုံးဖြတ်ပေးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

၃ ရက်ကြာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အပြီး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ အာဆီယံက တောင်းဆိုထားပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013