
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာက ရာအိမ်မှူး ဦးဖိုးချိုဟာ အောက်တိုဘာ ၂၈ ရက်၊ ညနေ ၆ နာရီလောက်က အသတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရာအိမ်မှူး ဖိုးချိုဟာ သင်္ဃန်းကျွန်းကြီးကျေးရွာမှာ ရာအိမ်မှူး၊ သတင်းပေး ဒလန်လုပ်နေတဲ့ အပြင် မင်္ဂလာဒုံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သင်္ဃန်းကျွန်းဒေသခံ တစ်ဦးက "တွေ့လိုက်တယ် ပထမတော့ ဘယ်သူထိသွားတာလဲမသိဘူးဆိုပြီး ကြည့်နေသေးတာ။ နောက်တော့ ရာအိမ်မှူး ဦးဖိုးချိုဖြစ်နေတာ။ သေနေတာ ကားကားကြီးနဲ့ ဆန့်ဆန့်ကြီးဗျာ။ အုပ်ချုပ်ရေးမှူးက သူ့ကိုယ်သူကျတော့ လူမိုက်တွေမွေးထားပြီး ရာအိမ်မှူးတွေအတွက်ကျ လူမိုက်သက်တော်စောင့်တွေမထားပေးထားဘူးနဲ့တူတယ်"လို့ ဆိုပါတယ်။
ရာအိမ်မှူး ဦးဖိုးချိုကို ဘယ်အဖွဲ့က သတ်သွားတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်မှာအုပ်ချုပ်ရေးမှူး တစ်ယောက်အသတ်ခံခဲ့ရပါတယ်။