
ရှမ်းပြည်နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲနဲ့ မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့် MNDAA တို့အကြား အောက်တိုဘာ ၂၈ ရက် ဒီနေ့လယ်ပိုင်းက တိုက်ပွဲ ပြန်လည် ပြင်းထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"နမ့်ဘာတက် သင်္ချိုင်းကုန်း အပေါ်ဘက် နေ့လယ် ၁၂ နာရီ ဝန်းကျင်က စပစ်နေတယ်။ ပစ်လိုက်နားလိုက် ပစ်နေဆဲပဲ။" လို့ နမ့်ဘာတက် ရွာခံတဦးက ပြောပါတယ်။
အဝေးကနေ လက်နက်ကြီးနဲ့ နှစ်ဘက်တပ်က လှမ်းပစ်နေတာကြောင့် မြို့တွင်း၊ ရွာတွင်းထဲမှာ လက်နက်ကျည်တွေ ကျရောက်လာမှာကို ဒေသခံ ပြည်သူလူထုတွေ ထိတ်လန့် စိုးရိမ်နေကြတယ် လို့ဆိုပါတယ်။
ပန်ဆိုင်း မြို့ခံတဦးကတော့ "ပန်ဆိုင်းနဲ့ ၄ မိုင်လောက်ဝေးတဲ့ ယိခူးရွာ ဘက်မှာလည်း အခု လက်ရှိတိုက်ပွဲ ဖြစ်နေတယ်။ ၁ နာရီ မိနစ် ၂၀ လောက်ကစ ပစ်နေတယ်။ လက်နက်ကြီးလည်းပါတယ်။ ဗုံးသံတွေလည်း ကြားနေရတယ်" လို့ ပြောပါတယ်။
ပန်ဆိုင်းအနီး ရေပူစမ်းရွာနား၊ နမ့်ဟူးရွာနားတွေမှာလည်း တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာသားတွေ ပုန်းနေရတယ်လို့ ဆိုပါတယ်။
မုံးကိုးဘက်မှာကတော့ မနခပြိန်းရွာနဲ့ နမ့်ဆူရွာကြားမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
လတ်တလော စစ်ကောင်စီအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ခဲယမ်းနဲ့ လူအင်အားဆက်လက်ဖြည့်ဆည်းပြီး စစ်ဆင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဖို့ ခက်ခဲနေတယ်လို့ ကိုးကန့်သတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အခုလိုနေရာအနှံ့ တိုက်ပွဲမကြာခဏ ဖြစ်နေတဲ့အပြင် နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ လယ်ယာခြံမြေသွားဖို့ အခက်အခဲ ဖြစ်ကာ စပါးရိတ်သိမ်းဖို့ လည်း အခက်ကြုံနေကြရပါတယ်။
မူဆယ်မြို့နယ်အတွင်း ယခုလမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေကာ တိုက်ပွဲ ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေ များပြားလာတဲ့အပြင် နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီး ခဲ့ရတာတွေလည်း ရှိနေပါတယ်။