DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်များကို PDF က ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်
DVB
·
October 28, 2021
မုံရွာမြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီတပ်များကို PDF က ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ အနီးတဝိုက်မှာ အခုရက်ပိုင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်  PDF တွေက စစ်ကောင်စီယာဉ်တန်းတွေကို ဖောက်ခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ကြောင့် စစ်ကောင်စီတပ်တွေ  ထိခိုက်သေဆုံးမှုများပြားနေပါတယ်။

မုံရွာခရိုင်ဒေသခံ PDF ၁၃ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီယာဉ်တန်းတွေကို အောက်တိုဘာ တတိယအပတ်ကစပြီး ဖောက်ခွဲတိုက်ခိုက်တာတွေဆက် တိုက်ပြုလုပ်နေသလို ချင်းတွင်းမြစ်ရိုးတစ်လျှောက် စစ်ကောင်စီ ရေယာဉ်တွေကိုလည်း ဒေသခံPDF တွေက ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

စစ်ကောင်စီယာဉ်တန်းတွေကလည်း အထက်အမိန့်ကြောင့် အသေခံပြီးဒေသတွင်းကို ဝင်ရောက်လာတဲ့အခြေအနေတွေ့ရတယ်လို့ မုံရွာပြည့်သူ့ကာကွယ်ရေးတပ် MPDF တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

မုံရွာဒေသခံ PDF တွေဟာ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းက စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ရွှေဘို၊ မြင်းခြံဒေသခံ PDF တွေနဲ့မဟာမိတ်ဖွဲ့ထားပြီး မြစ်အနောက်ဘက်ခြမ်းက ကနီ၊ ယင်းမာပင်၊ ပုလဲ ဒေသခံ PDF တွေနဲ့လည်း ပူးပေါင်းထားပါတယ်။ 

အောက်တိုဘာ ၂၇ ရက်နေ့က စစ်ကိုင်းဘက်နေ မုံရွာဘက်လာတဲ့ စစ်ကားတွေကို PDF တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သားတွေ ထိခိုက်သေဆုံးတာရှိခဲ့ပေမယ့် အတိအကျတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။ 

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "အဓိကအခက်အခဲက လက်နက်ပေါ့။ စစ်ကိုင်းတိုင်းက မြို့အရေအတွက်ထက် ကျေးရွာအရေအတွက်များတယ်။ စစ်ကိုင်းတိုင်းဒေသခံ ကျေးရွာ PDF တွေက ၈၀ ရာခိုင်နှုန်းနီးပါး နယ်မြေစိုးမိုးမှုရှိတယ်။ သတင်းအချက်အလက်ရတာနဲ့ နယ်မြေကျွမ်းကျင်မှုအပိုင်းမှာ စစ်ကိုင်းတိုင်းက အားသာနေတယ်။ လက်နက်အားနည်းချက်တော့ရှိနေတယ်။ မိုင်းကို အဓိကဆွဲရတယ်။ လက်နက်အခက်အခဲကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ အခက်အခဲရှိတယ်။"လို့ ပြောပါတယ်။

မုံရွာခရိုင်အတွင်းမှာ အရင်က စစ်ကောင်စီအင်အား ၃၀၀၀ လောက်ချထားခဲ့ပြီး အောက်တိုဘာ ဒုတိယအပတ်မှာ ချင်းပြည်ဘက်ကို ခွဲထွက်သွားတာကြောင့် လတ်တလောအင်အား ၁၀၀၀ လောက်သာ ရှိနေပါတယ်။ 

တပ်သားအင်အားလျော့နည်းသွားပေမယ့် တပ်မ ၇၇ နဲ့ တပ်မ ၉၉ တို့လို အကြမ်းဖက်တပ်တွေကို မုံရွာခရိုင်ဘက် စေလွှတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့တုန်းက မုံရွာနဲ့ အထက်ပိုင်းကို လက်နက်ပို့ဖို့ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်တွေကို ကနီ PDF တွေက နေရာ ၈ နေရာကနေကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။  စစ်ကောင်စီဘက်ကလည်း မြစ်ကမ်းဘေးက ကျေးရွာတွေကို အကြမ်းဖက်ပြီး ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကနီမြို့၊ မိချောင်းတွင်းကျေးရွာPDF တစ်ဦးက "စစ်ကောင်စီတပ်က မုံရွာ၊ အလုံ၊ မင်းထောင့်မှာ ချင်းတွင်းမြစ်ကို ဆန်တက်လာခဲ့တယ်။ စုစုပေါင်းရေယာဉ်သုံးစီးပေါ့။ အဲ့ဒီရေယာဉ်တွေကို ကနီမြို့နယ် ၈ နေရာကနေပြီး ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က ၁၀ ယောက်လောက် ဒဏ်ရာရသွားတယ်။ ရေယာဉ်တွေလည်း တော်တော်ထိခိုက်ပျက်စီးသွားတယ်။ သူတို့ဘက်ကလည်း မြစ်ကမ်းဘေးကရွာတွေကို ပြန်ပစ်ခတ်ခဲ့တယ်။ ကျေးရွာတွေက နေအိမ်တွေ တော်တော်များများပျက်စီးခဲ့တယ်။ ကျနော်တို့ဘက်က ၂ယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်။"လို့ ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသမှာ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်မှာဆိုရင် ကျေးရွာနေပြည်သူတွေဟာ ရှောင်ပုန်းစရာ တောမရှိတာကြောင့် စစ်ကောင်စီလာရင် နေအိမ်တွေကိုထားခဲ့ပြီး စစ်ကောင်စီပြန်သွားမှ ကိုယ့်အိမ်မှာကိုယ် ပြန်နေရတဲ့အခြေအနေဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီဟာ ပျူစောထီးနဲ့ ဒလန်တွေရဲ့ ကြိုတင်သတင်းပေးချက်တွေကြောင့် PDF တွေရဲ့တိုက်ခိုက်မှုတချို့ကို ရှောင်တိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကနီဒေသခံတစ်ဦးက "ကနီမရောက်ခင် ရွှေစာရေး၊ မုတ်ထော၊ ငဖြတ်ကနေစပြီး PDF လုပ်ဆောင်ချက်တွေ လုပ်ခဲ့ကြတာပေါ့ဗျာ။ သူတို့က ကြိုသိပြီး။ ပျူစောထီးနဲ့စစ်သား စုစုပေါင်း ၁၀၀လောက် ကျောက်ခဲတက်နဲ့ တောင်ပြိုကနေအင်အားပေါင်းပြီးလာကြတယ်။ ကျနော်တို့ဘက်က ထိခိုက်မိတာမရှိဘူး။ ကနီရဲ့အထက်ဘက်မှာက ရင်းငြိမ်၊ ဆင်တောင်ဝဲ၊ တအုံ၊ ရွှေမော်ဦး၊ ဇီးခြံကုန်း နေရာတွေမှာ ထိတွေ့မှုတွေရှိတယ်။ တိုက်ပွဲတွေမှာ သူတို့မျက်မြင်အရ စစ်သား ၃၊၄ ယောက်လောက်သေဆုံးတယ်။” လို့ ပြောပါတယ်။

မုံရွာမြို့လယ်က မြို့တော်ခန်းမနဲ့ သူနာပြုသင်တန်းကျောင်းတွေမှာ အောက်တိုဘာ ၂၄ ရက်က ပေါက်ကွဲမှုတွေ တပြိုင်တည်းဖြစ်ပေါ်ခဲ့ပါတယ်။

မုံရွာမြို့စက်မှုဇုန်ရပ်ကွက်မှာလည်း အောက်တိုဘာ ၂၅ ရက်က ရဲအရာရှိ ၂ယောက် ပစ်ခတ်သတ်ဖြတ်ခံရသလို  စက်မှုဇုန်ရပ်ကွက်မှာ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၄ယောက်အထိရှိလာပါတယ်။ 

စစ်အာဏာရှင်ကို ရရာလက်နက်စွဲကိုင်တော်လှန်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ လက်နက်အင်အားမယှဉ်နိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေကို ပြောက်ကျားစနစ်နဲ့ပဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013