
ဧရာဝတီတိုင်းမှာ PDF အဖွဲ့ဝင် ၈ ယောက်နဲ့ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) အဖွဲ့ဝင် ၁၀ ယောက် လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်လာတယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က ၁၀ ယောက်ဟာ စစ်မှုထမ်းဖို့ ဖမ်းခေါ်လာပြီးနောက် ထွက်ပြေးကြရာမှ ပြန်မိ ထားသူတွေလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက PDF ၈ ယောက်ကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ၅၂(က) နဲ့ အမှုဖွင့်ခံထားရတာကြောင့် တိမ်းရှောင်နေကြသူတွေဖြစ်ပြီး စစ်ကောင်စီက အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ခံရတဲ့သူတွေကို အမှုကနေပယ်ဖျက်ခဲ့တဲ့အတွက် နေရပ်ပြန်ဝင်လာသူလို့ သိရပါတယ်။
ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူ တယောက်က “ဝါဒဖြန့်သက်သက်ပါ ။ တကယ်လက်နက်ကိုင်အဖွဲ့အစစ်တွေ မဟုတ်ဘူး။ မတ် ၂၇ ရက်ကျရောက်မဲ့ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ လုပ်တာလို့ သိရပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ၁၈ ယောက်ကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းက အနောက်တောင်တိုင်း စစ်ဌာနချုပ်ဧရာဝတီခန်းမမှာ မတ် ၂၆ ရက်က ကြိုဆိုပွဲနဲ့ မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံပွဲ ပြုလုပ်ခဲ့ပါတယ်။
ကျိုက်လတ်မြို့နယ်က မြို့ခံတယောက်က “ဒီဘက်မှာ ကိုယ့်သားသမီးက PDF ဖြစ်တာကြောင့် အလင်းဝင်လို့ မိဘတွေ သွားလက်ခံတယ်လို့ မရှိဘူး၊ မကြားမိဘူး” လို့ ပြောပါတယ်။
ဝင်လာတယ်ဆိုတဲ့ ရခိုင်ပြည်နယ်က AA တပ်ဖွဲ့ဝင် ၁၀ ယောက်ဟာ ရခိုင်ပြည်နယ် သံတွဲက ၂ ယောက်၊ မြေပုံက ၁ ယောက်၊ မြောက်ဦးက ၂ ယောက်၊ ရမ်းဗြဲ ၁ ယောက်၊ ဂွ ၂ ယောက်၊ ပုဏ္ဏားကျွန်းနဲ့ မောင်တောက ၁ ယောက်စီ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဘက်ကဆိုတဲ့ PDF ၈ ယောက်ကတော့ ကျိုက်လတ်က တယောက်၊ အင်္ဂပူ တယောက်၊ ရေကြည်က တယောက်၊ ရွှေသောင်ယံက တယောက်၊ ဟိုင်းကြီးကျွန်းက တယောက်၊ လေးမျက်နှာက တယောက်၊ ကြံခင်းက တယောက်၊ မကွေးတိုင်းဘက်က တယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် MA-1 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၅ လက်၊ MA-3 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ MA-11 အမျိုးအစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ SIG SAUER အမျိုးအစားပစ္စတို ၁ လက်၊ ၃၅တောင့် ဝင်ကျည်အိမ် ၉ ခု၊ SIG SAUER အမျိုးအစားပစ္စတို ကျည်အိမ် ၁ ခု၊ BA-91 လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၂၈၃ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၃ တောင့်နဲ့ USA380 AUTO အတောင့် ၂၀ ပါလာတယ်လို့ စစ်တပ်သတင်းမှာဖော်ပြပါတယ်။
စစ်တပ်ထုတ်ပြန်တဲ့ AA တပ်ဖွဲ့ဝင် ၁၀ ယောက်နဲ့ PDF တပ်ဖွဲ့ဝင် ၈ ယောက် လက်နက်တွေနဲ့အတူ ဝင်လာတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး AA တပ်တော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။











