
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်းဖျားကျေးရွာမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို မုဒိမ်းကျင့်ခဲ့တဲ့သူ ၂ ယောက်ကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်က အသက် ၃ နှစ်နဲ့ ၃ လအရွယ် ကလေးငယ်တယောက်ကို တရွာတည်းနေ အရက်မူးနေတဲ့ အမျိုးသား ၂ ယောက်က အဓမ္မပြုကျင့်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ကျူးလွန်သူ ၂ ယောက်ကို (ရဲတပ်ဖွဲ့)ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ဂွဒေသခံက ပြောပါတယ်။
“ကလေးရဲ့အမေက အစိုးရဆီက ထောက်ပံ့တဲ့ဆန်သွားထုတ်နေစဉ်မှာ ရွာမှာကျန်ခဲ့တဲ့ ကလေးကို အရက်သောက်ထားတဲ့ အမျိုးသား ၂ ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ သိရတယ်။ ကလေးရဲ့ အင်္ဂါစပ်မှာ သွေးတွေထွက်နေတာကိုတွေ့ပြီး မိသားစုတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက မိခင်ဆီကို သွားပို့ကြတာ။ မိသားစုက ချက်ချင်း ဒီလပ်စခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာကြောင့် ဒီလပ်ဘက်က ကျူးလွန်သူ နှစ်ဦးလုံးကို ဖမ်းဆီးထားပြီ” လို့ပြောပါတယ်။
ရဟိုင်းဖျားကျေးရွာနေ ခင်မောင်ဌေး(၅၅ နှစ်)နဲ့ စည်သူဝင်း (၃၆ နှစ်)တို့ဖြစ်ကြပြီး သူတို့ကို ဒီလပ်တပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုနဲ့ မုဒိမ်းမှုတွေ လစဉ်လတိုင်း ဖြစ်ပွားနေတာကြောင့် လူထုအကြား စိုးရိမ်မှုတွေမြင့်တက်နေသလို တရားဥပဒေစိုးမိုးမှု အပိုင်းကိုလည်း ဝေဖန်တာတွေရှိနေတာပါ။
မြောက်ဦးဒေသခံ အမျိုးသမီးတယောက်က “၃ နှစ်အရွယ် ကလေးတဦးကို လူကြီး ၂ ဦးက အဓမ္မပြုကျင့်တယ်ဆိုတာ ကျမအနေနဲ့ တွေးကြည့်လို့တောင် ရူးသွားချင်တယ်။ သားသမီးချင်း ကိုယ်ချင်းမစာမနာ ဘယ်လိုစိတ်ကူးတွေနဲ့များ လုပ်ရဲကြတာလဲ။ ဒီလို မုဒိမ်းတရားခံတွေကို တရားဥပဒေက ဒီအတိုင်း ကြည့်နေကြတော့မှာလားဆိုပြီး မေးခွန်းထုတ်စရာတွေဖြစ်လာပြီ။ ရခိုင်ပြည်မှာ ကျမတို့မိန်းမသားတွေအတွက် လုံခြုံမှုပေးနိုင်တဲ့ လူအသိုက်အဝန်းနဲ့ ဥပဒေ မရှိတော့ဘူးလားဆိုပြီး မေးစရာတွေဖြစ်လာပြီ။ ကျမတို့ကတော့ ဒီလို မုဒိမ်းမှုကျူးလွန်သူတွေကို ဥပဒေအရ လုံးဝငဲ့ညာမှုမရှိဘဲ အမြင့်ဆုံးပြစ်ဒဏ်တွေကိုပဲ ချမှတ်ပေးတာလိုချင်တယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ သက်ငယ်မုဒိမ်းမှုနဲ့ မုဒိမ်းကျင့် လူသတ်မှုတွေဟာ လစဉ်လတိုင်းဖြစ်ပွားနေပြီး မုဒိမ်းမှုကျူးလွန်သူတချို့လည်း လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ကတော့ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု၊ လူသတ်မှုအပါအဝင် ရာဇဝတ်မှုတွေအတွက် ကြန့်ကြာမှုမရှိစေဖို့ ဩဂုတ်လကတည်းက အထူးတရားရုံးဖွဲ့စည်းပြီး အမှုစီရင်ဆုံးဖြတ်နေတယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးငယ်တယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူကို စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့သလို၊ ကြံရာပါ ၂ ယောက်ကိုလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။
ဧပြီလအတွင်းကလည်း ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာက အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက် အဓမ္မပြုကျင့်ခံရတာအတွက် ကျူးလွန်သူကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ပါတယ်။











