DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကုန်သွယ်မှုကျဆင်းနေသော်လည်း နိုင်ငံခြားငွေများပိုလျှံနေဟု စစ်ခေါင်းဆောင်ပြော
DVB
·
October 26, 2021
မြန်မာ့ကုန်သွယ်မှုကျဆင်းနေသော်လည်း နိုင်ငံခြားငွေများပိုလျှံနေဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

လက်ရှိ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်ရဲ့  ကုန်သွယ်မှုပမာဏက ပြီးခဲ့တဲ့ ၂၀၁၉-၂ဝ ဘဏ္ဍာနှစ်ရဲ့ ကုန်သွယ်ပမာဏကို ပြည့်မီဖို့ အမေရိကန်ဒေါ်လာ သန်း ၉၂ဝဝကျော် လိုအပ်ချက်ရှိတာကြောင့် ဘယ်လိုမျှပြည့်မီမှာမဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့  ၂၀၂၀-၂၀၂၁ ဘက်ဂျက်ကာလအတွင်း နိုင်ငံခြားပို့ကုန်သွင်းကုန် လုပ်ငန်းတွေမှာ နိုင်ငံခြားငွေတွေ ပိုလျှံမှုရှိတယ်လို့ အောက်တိုဘာ ၂၅ ရက်က နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဆွေးနွေးရာမှာပြောပါတယ်။ အခုထက်ပိုပြီး ပိုငွေများပြားလာနိုင်အောင်  ပြည်ပမှစားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းသုံးစွဲမှုတွေ လျှော့ချဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ငွေကြေးတန်ဖိုးကို ထိန်းသိမ်းပြီး ဘဏ်စနစ် တည်ငြိမ်အောင် တတ်နိုင်သမျှ ဆောင်ရွက်နေကြောင်းနဲ့  ပို့ကုန်တွေ များစွာတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်နေသလို  သွင်းကုန် ပမာဏ ထိန်းသိမ်းနိုင်ရေးလုပ်ဆောင် နေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် သြဂုတ်လ အထိ ၁၁ လတာကာလမှာ မြန်မာ့ ပို့ကုန်၊သွင်းကုန်အခြေအနေက ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၁၈,၀၇၈ ရရှိထားပြီး နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်း ၉,၃၉၈ ရရှိထားတာကြောင့် စုစုပေါင်းပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇,၄၇၇ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ မြန်မာ့ ပို့ကုန်၊သွင်းကုန်အခြေအနေက ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၆,၀၉၆ ရှိပြီး နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀,၆၃၅ ရှိတာကြောင့် စုစုပေါင်း ပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆,၇၃၁ ရှိပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏကို ပြည့်မှီဖို့အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၂၀၀ ကျော် လိုအပ်ချက်ရှိနေတာတွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက “တလအတွင်းပြည့်မှီဖို့ကတော့ ဘယ်လိုမျှမဖြစ်နိုင်ဘူး။ ဘာလို့လဲဆို လက်ရှိအနေ အထားအရ အဓိကဖြစ်နေတာက သင်္ဘောခတွေပေါ့။ ကုန်သွယ်မှုစရိတ်တွေ စျေးတက်နေတာ ရှိတယ်။ ကွန်တိန်နာခတွေက စျေး ၃ဆလောက်တက်သွားတာ။ နောက်တချက်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးပိတ်နေတာ လည်းရှိ တယ်။ ဒီတော့ ကျနော်တို့ဆီက ပို့ကုန်တွေ သွားလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ကုန်သွယ်မှုက မနှစ်ကကို ပြည့်မီဖို့က မလွယ်ဘူး” လို့ သုံးသပ်ပြောပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း “ တလအတွင်းနဲ့တော့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကို ပြည့်မှီဖို့က ဘယ်လိုမျှ မလွယ်ဘူး။ တခုတော့ ရှိတာပေါ့။ ကုန်သွယ်မှုမှာ ပို့ကုန်နဲ့ သွင်းကုန် ရှိတယ်လေ။ တကယ်လို့ ပို့ကုန်တင်ပို့မှုကများပြီး သွင်းကုန်ပမာဏက နည်းတယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ ဘာလို့လဲဆို ဒေါ်လာစျေး တည်ငြိမ်တာပေါ့”လို့ ပြောပါတယ်။

လက်ရှိဘဏ္ဍာနှစ်ရဲ့  ၁၁ လတာကာလအထိမှာ မြန်မာ့ကုန်သွယ်မှုက ပင်လယ်ရေကြောင်းကတဆင့် ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၅၈၄ ရရှိထားပြီး နယ်စပ်ကနေ ပို့ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ပေါင်း ၆၃၄၆ ရရှိထားတာကြောင့် စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၉၃၀ ရရှိထားပါတယ်။

သွင်းကုန်တင်သွင်းမှုမှာလည်း ပင်လယ်ရေကြောင်းကတဆင့် တင်သွင်းမှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၄၉၄ ရှိပြီး နယ်စပ်လမ်းကြောင်းကတဆင့် တင်သွင်းမှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၅၂ ရှိတာကြောင့် စုစုပေါင်း တင်သွင်းမှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၅၄၇ ရှိပါတယ်။

ဒါကြောင့် လက်ရှိဘဏ္ဍာနှစ်၏ ၁၁လတာကာလမှာ မြန်မာ့ကုန်သွယ်မှုက ပို့ကုန်အတွက်ရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၉၃၀ ရရှိထားပြီး သွင်းကုန်အတွက်ပေးရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၅၄၇ ရှိတာကြောင့် ကုန်သွယ်မှုမှာ အသားစီးရငွေ အမေရိကန်ဒေါ်လာ သန်း ၃၈၀ ကျော်ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013