DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်နှင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် တိုက်ပွဲဖြစ်၊ ဒလန် ၆ ဦး အသတ်ခံရ
DVB
·
October 26, 2021
မြောင်မြို့နယ်နှင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် တိုက်ပွဲဖြစ်၊ ဒလန် ၆ ဦး အသတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊  မြောင်မြို့နယ်နဲ့ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ  PDF ပူးပေါင်းတပ်တွေ  တိုက်ပွဲဖြစ်ပွားနေပြီး ဒလန် ၆ ဦးကို ရှင်းလင်းခဲ့တယ်လို့  ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မြောင်မြို့နယ်၊ နနွင်းကိုင်းကျေးရွာနဲ့ ဆူလေကုန်းကျေးရွာကြားမှာ  အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီအချိန်လောက် စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

မြောင် PDF တပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲကဖြစ်တာဟုတ်တယ်ဗျ။ လုံခြုံရေးအရမို့ မနေ့ကတည်းက သတင်းမထုတ်ခဲ့တာ။ တိုက်ပွဲကြာချိန်က နာရီဝက်ကျော်ကြာမယ်ဗျ။ မျက်နာချင်းဆိုင်တိုက်တာ။ စစ်တွေဘက်က ၆ ဦးထက်မနည်း ကျဆုံးမယ်။ ကျနော်တို့ဘက်က ၁ ဦး ကျတယ်ပေါ့။ ၄ ဦး ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။ 

အဆိုပါ  တိုက်ပွဲကြောင့် အနီးဝန်းကျင်ကဒေသခံရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီတပ်နဲ့ မြောင်ဒေသ တော်လှန်ရေးအင်အားစု မဟာမိတ်ညီနောင်တွေဖြစ်တဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ Myaung Special People’s Defense Force – MSPDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ MGN Ranger ၊ 27 Revolution Forces ၊ PDF – Taloke ၊ MGN TIGER၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့နဲ့ BGF မဟာမိတ်တပ်ဖွဲ့ ၉ ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တာလို့  သိရပါတယ်။

ကနီမြို့အောက်ဘက် ချင်းတွင်းမြစ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကနီပြည်သူ့ကာကွယ်ရေး တပ်တို့ ဒီနေ့ မနက် တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားခဲ့လို့   မြစ်ဘေးကျေးရွာက နေအိမ်တချို့ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ-အလုံ-မင်းဒေါင်းကနေ ဒီနေ့မနက် ၇ နာရီလောက်ကစပြီး  ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရေယာဉ် အုပ်စုဟာ ကနီမြို့နယ်အတွင်းကိုရောက်ရှိလာစဉ် ကနီမြို့အောက်ပိုင်း နေရာ ၈  နေရာကပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဆိုပါ စစ်ရေယာဉ်အုပ်စုဟာ စစ်ကိုင်းတိုင်း ၊ အလုံမြို့ ၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတာဖြစ်ပြီး  ဖလက်ခွံ ၁ စီး၊ ကုန်အမြန်ရေယာဉ် ၁ စီး ၊ Speed Boat ၁ စီးတို့  ပါဝင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဒေသခံညောင်သူများရွာသား တစ်ဦးက “ ညောင်သူများကျေးရွာအနီးရောက်တာနဲ့ လက်နက်ကြီးတွေရော၊  ‌လက်နက်ငယ်တွေနဲ့ရော  အဆက်မပြတ်ပစ်ခတ်ကြတာ။ ကျေးရွာအတွင်းကလူတွေကတော့ အကုန်ထွက်ပြေးကြရတာပေါ့ အထိခိုက်အကျဆုံးကတော့ ဘာမှမသိရသေးဘူးဗျ။ အခုလည်းပစ်နေတုန်းဗျ။”   ပြောပါတယ်။

လက်ရှိအချိန်အထိလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ မပြီးဆုံးသေးဘဲ နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။

ကနီပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်။ ကျဆုံးရဲဘော်မရှိ။ အကြမ်းဖက်စစ်ကောင်စီဘက်က  ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ(မရှိ) မသိရသေးဘူးဗျ။” လို့ ပြောပါတယ်။

စစ်ရေယာဥ်အုပ်စုရဲ့ပစ်ခတ်မှုကြောင့်  ကနီမြို့နယ် နတ်ကြီးရွာက  နေအိမ် ၅ လုံး ၊ ပန်းဆိုင်းရွာမှ နေအိမ် ၁ လုံးလက်နက်​ကြီးထိမှန် အမိုးတွေနဲ့ အိမ်နံရံတချို့ ပျက်စီးသွားသလို ညောင်သူများရွာကနေအိမ်အများအပြားလည်း ပျက်စီးပြီး  နွားတစ်ကောင်သေနတ် ကျည်ဆန် ထိမှန်ခဲ့ပါတယ်။

ကနီမြို့နယ်မှာ  စစ်ကောင်စီ သတင်းပေး ဒလန် အမျိုးသား ၂ ‌ယောက်နဲ့ အမျိုးသမီး ၄ ယောက် စုစုပေါင်း  ၆ ယောက်ကို အောက်တိုဘာ ၂၃ ရက်က  သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း ကနီပြည်သူ့ကာကွယ်တပ်ကဒီနေ့ ထုတ်ပြန်ထားပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်းသွားလာနေတဲ့ စစ်ကောင်စီရေယာဉ်ကို အောက်တိုဘာ ၂၃ ရက် ညပိုင်းက နေရာ ၂ ခုကနေ ပစ်ခတ်ခဲ့ရာမှာ ရေယာဉ်အလယ်ပိုင်းနဲ့ နောက်ပိုင်း ထိခိုက်ပျက်စီးခဲ့ပြီး  စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို PDF ရဲဘော် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013