DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ဘဏ္ဍာရေးပိတ်ဆို့ရန် အမေရိကန်၏ ကြိုးပမ်းမှု ထိရောက်နိုင်မလား
DVB
·
October 25, 2021
မြန်မာစစ်တပ်ကို ဘဏ္ဍာရေးပိတ်ဆို့ရန် အမေရိကန်၏ ကြိုးပမ်းမှု ထိရောက်နိုင်မလား
Donate to DVB

အမေရိကန်အစိုးရက စင်ကာပူနိုင်ငံနဲ့ပူးပေါင်းပြီး  မြန်မာအာဏာသိမ်းစစ်တပ်ကို   ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူဖို့ ကြိုးပမ်းမှုဟာ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ စီးပွားရေးလေ့လာသူတချို့က သုံးသပ်ကြသလို တချို့ကတော့  စီးပွားရေးထိခိုက်မှုရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိစေရေး စင်ကာပူဟာ သူ့ရဲ့ သိသာထင်ရှားတဲ့ ဓနအင်အားဩဇာကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ဖိအားပေးနိုင်စွမ်းရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုးလက်ရဲ့က အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာမှာ အောက်တိုဘာ ၂၁ ရက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ငွေကြေးတွေ မြန်မာစစ်တပ် အသုံးမပြုနိုင်ဖို့ စင်္ကာပူနိုင်ငံနဲ့တွဲဖက် ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုးလက်ဟာ သူ့ရဲ့ အာဆီယံ ဒေသတွင်းခရီးစဉ်မှာ  စင်္ကာပူနိုင်ငံ၊ ငွေကြေးဆိုင်ရာအဖွဲ့မှ ဒုညွှန်ကြားရေးမှူး မစ္စ ဟိုဟန်းရှင်နဲ့ လည်းတွေ့ဆုံခဲ့ပြီး အဆိုပါငွေကြေးနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်အပေါ် ကျနော်တို့တွဲဖက်ပြီး ထိထိရောက်ရောက် ဘယ်လို အသုံးပြုမယ်ဆိုတာ ဆွေးနွေးခဲ့တဲ့အကြောင်းသူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့ စီးပွားရေးလေ့လာသုံးသပ်သူတွေအကြားမှာတော့ မတူကွဲပြား ခြားနားတဲ့ အမြင်တွေ ရှိနေကြတာပါ။ 

ပြည်ပရောက်စီးပွားရေးသုတေသီတဦးရဲ့ အမြင်ကတော့ “အချည်းနှီးတော့ မဖြစ်ဘူးပေါ့နော်။ သို့သော် ထိရောက်မှုတော့ မရှိလှဘူး။ ဆိုလိုတာက ဥပမာ မောင်ဖြူကို ပိတ်တယ်ပေါ့။ အဲ့တော့ မောင်ဖြူက ဘာမျှလွှဲလို့ မရဘူးပေါ့။ သို့သော် မောင်ဖြူ မဟုတ်ပဲနဲ့ မောင်ဝါ၊ မောင်နီ တို့က ကြားကခံလိုက်တဲ့အခါ အဲ့ဒါကို လိုက်ဖို့ကျတော့ ဝါးလုံးသိမ်းပြီး ရမ်းမှ ရတော့မှာပေါ့နော်။ ဆိုလိုတာက မောင်ဖြူလုပ်လား၊ မောင်ဝါလုပ်သလား ဆိုတာကို အဲ့ဒီ့အဖွဲ့တွေက တောက်လျှောက်ကြည့်နေရမယ်။ ပြီးတော့ သူလုပ်တာတွေက မောင်ဖြူနဲ့ဆက်စပ်သလား ဆိုပြီးတော့ အမြဲတမ်းလည်း ထောက်လှမ်း နေရမယ်ဗျာ။ အဲ့တော့ သံသယရှိရင် တခါတလေမှာ case by case မဟုတ်ဘဲနဲ့ ဝါးလုံးသိမ်းပြီးတော့ လုပ်ရင်လည်းလုပ်ရမှာပေါ့။ ဆိုတော့ အဲ့သလောက်အထိ လုပ်ဖို့က ခက်သွားတယ်။ ပြီးတော့ နိုင်ငံရေး သဘောအရ ကလည်း အမေရိကန်က သူရဲ့ မဟာမိတ်တွေကို မလုပ်ဘူးလို့ ပြောထားတော့ အဲ့ဒီအတွက် သက်ရောက်မှုက ပြဿနာ ရှိနိုင်တယ်” လို့ပြောပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတဦးကတော့  “မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုက များသောအားဖြင့် အရှေ့ဘက်ကတိုင်းပြည် တွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အာဆီယံ စသဖြင့် အဲ့ဒီ့ဘက်ကတိုင်းပြည်တွေပဲများပြီး ရင်းနှီးမြုပ်နှံမှုကလည်း အဲ့ဒီ့တိုင်းပြည် တွေကပဲများတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့တာ ဘာလို့ထိခိုက်လဲဆိုတော့ ကျောက်မျက်၊ အထည်ချုပ်နဲ့ ငါး၊ သစ် ဒါတွေက အီးယူစျေးကွက်ဆီ သွားနေတာရှိတယ်။ နောက်တချက်က အနောက်နိုင်ငံတွေက World Bank ၊ IMF တို့ကို ကိုင်ထားတာလေ။ သူတို့က သဘောမကျဘူးဆိုရင် World Bank ၊ IMF တို့ကို မြန်မာနိုင်ငံကို ငွေမချေးပေးနဲ့တော့ ပြောလို့ရတာပေါ့နော်။ အဲ့တိုင်းပြည်တွေက မြန်မာနိုင်ငံကို မကူညီတော့ဘူးဆိုရင် မြန်မာနိုင်ငံ စီးပွားရေး ထိခိုက်တာပေါ့။ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုက မြန်မာနိုင်ငံအတွက် စီးပွားရေးထိခိုက်မှုရှိတာ သေချာတယ်” လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုးလက်က တော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံရှိ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့လည်း  ဆွေးနွေးညှိုနှိုင်းကာ မြန်မာ့အကျပ်အတည်းကို ဆက်လက်ချည်းကပ်အဖြေရှာသွားမယ်လို့   ပြောထားပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်ကောင်စီအဖွဲ့ဝင် တစ်ဦးချင်းစီအပေါ်မှာ  ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်  မြန်မာအစိုးရပိုင်  ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကိုလည်း စစ်ကောင်စီက ထုတ်ယူလို့ မရအောင် ထိန်းချုပ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံကတော့   ပြီးခဲ့တဲ့ မြန်မာစစ်အစိုးရအဆက်အဆက် လက်ထက်ကတည်းက မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတဲ့ ထိပ်တန်းနိုင်ငံတနိုင်ငံဖြစ်သလို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ ဆက်နွှယ်တဲ့ အပေါင်းပါ မိသားစုတွေရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း စင်ကာပူနိုင်ငံမှာ ဖွင့်လှစ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Photo Credit- US Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013