ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား မွတ်ဆလင် အမျိုးသမီးသုံးဦးအား ကယ်ရီသမားသုံးဦးနဲ့အတူ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သူတို့ကို အောက်တိုဘာ ၂၄ ရက်က မောင်တောမြို့ကနေ ဘူးသီးတောင်မြို့သို့ ဆိုင်ကယ်ကယ်ရီနဲ့ ခေါ်ယူသွားချိန် ဗိုလ်မှူးရွာအနီးကားလမ်းဘေးမှာ စစ်ဆေးရေးလုပ်နေတဲ့ လူကုန်ကူးတားဆီးရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ဝင်ရောက်လာတဲ့ မွတ်ဆလင်အမျိုးသမီးသုံးဦးကတော့ အသက် ၁၄ အရွယ်တစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ် နှစ်ဦးဖြစ်တယ်လို့ မောင်တောမြို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။
“လူကုန်ကူးတဲ့အဖွဲ့တွေပါ။ ဥပဒေအရ အရေးယူဖို့ တိုင်တန်းထားပါတယ်။”
ဖမ်းဆီးရမိသူတွေဟာ အသက် ၁၄ နဲ့ ၁၅ နှစ်အရွယ်တွေဖြစ်တဲ့ မနူရ်ခေါ်လီမာ၊ အာယေရှာဆီတိကာနဲ့ မနော်ယုံမာ တို့ဖြစ်တယ်လို့ သိရပါတယ်။
မွတ်ဆလင်အမျိုးသမီးတွေကို ဆိုင်ကယ်ကယ်ရီနဲ့ တင်ဆောင်ခဲ့သူနှစ်ဦးမှာ ဘူးသီးတောင်မြို့က ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာက မွတ်ဆလင်တစ်ဦးရဲ့ စေခိုင်းမှုကြောင့် တစ်ယောက်ကို ငွေတစ်သောင်းကျပ်နဲ့ သွားရောက်သယ်ယူခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ဝင်ရောက်လာသူတွေနဲ့ သယ်ဆောင်ပေးသူ စေခိုင်းသူတွေကို အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်က တရားမဝင်ဝင်ရောက်လာတဲ့ အမျိုးသမီးတွေကို မြန်မာနိုင်ငံကတဆင့် မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့စီစဉ်ထားတာလို့ လူကုန်ကူးရဲတပ်ဖွဲ့ရဲ့ တိုင်တန်းစာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတွေကနေ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကို တရားမဝင် ဝင်ရောက်လာသူ ၁၃ ဦးအား ဇင်တူလာကျေးရွာ ဒီရေတောအနီးရှိ လယ်ကွင်းမှာ လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပါတယ်။