DVB Logo
Home
မြန်မာသတင်း
အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကေအိုင်အို ခေါင်းဆောင်ပြော
DVB
·
October 25, 2021
အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမည်ဟု ကေအိုင်အို ခေါင်းဆောင်ပြော
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းသွားမယ်လို့၏ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက် ဒီနေ့ ကျရောက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန်းခွန်းမှာ ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လွတ်လပ်ရေးရကတည်းက အမြစ်တွယ်လာတဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို အခုအချိန်မှာ မချေမှုန်းနိုင်ဘူးဆိုရင် အနာဂတ်မှာ အမြစ်ဖြတ်နိုင်ဖို့ ပိုမိုခက်ခဲသွားနိုင်တာကို အားလုံးသိနားလည်ဖို့ လိုအပ်တယ်လို့လည်း မိန့်ခွန်းမှာ ပါရှိပါတယ်။ 

ကေအိုင်အိုဟာ ၁၉၄၈ ခုနှစ်ကစတင်ပြီး ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ဖို့ ဖဆပလအစိုးရ၊ အိမ်စောင့်အစိုးရ၊ မဆလအစိုးရတို့နဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် နိုင်ငံရေးအရတောင်းဆိုမှုကို လက်မခံနိုင်ခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရတယ်။

နဝတနဲ့ နအဖလက်ထက်မှာ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမဲ့ 'မိမိတို့စစ်အစိုးရဟာ နိုင်ငံရေးဆွေးနွေးဖို့ အခွင့်အာဏာမရှိတဲ့အတွက် လူထုရွေးကောက်တဲ့အစိုးရနဲ့ ညှိနှိုင်းကြပါ' လို့ ပြောဆိုခဲ့သော်လည်း ဦးသိန်းစိန်အစိုးရက 'တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး' မူဝါဒကို တပ်မတော်ရဲ့ နိုင်ငံရေးစစ်ရေးအသာစီးရယူဖို့ မူဝါဒအဖြစ် အသုံးချခဲ့တာကြောင့် ဆက်လက်ဆွေးနွေးရန် ခက်ခဲသွားစေတယ်လို့ ကေအိုင်အိုခေါင်းဆောင်က ဆိုပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုနိုင်ဖို့ ၂၁ ရာစုပင်လုံညီလာခံတွေကို တက်ရောက်ခဲ့ပေမယ့်လည်း အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေက အရေးတယူဆွေးနွေးမှု မပြုလုပ်ခဲ့ဘဲ ပါတီနဲ့ တပ်မတော်ခေါင်းဆောင်တို့ရဲ့ အမိန့်ပေးတဲ့ မိန့်ခွန်းတွေကိုသာ နားထောင်ခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ ကေအိုင်အိုဟာ ဓမ္မဘက်မှာ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အမြတ်ပြတ်သွားအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ဓမ္မနဲ့ အဓမ္မ ဘက်ကို သေချာရွေးချယ် ရပ်တည်ဖို့ လိုအပ်ပြီး အဓမ္မဘက်ရပ်တည်သူတွေကို စစ်အာဏာရှင်စနစ် ထောက်ခံသူတွေ အဖြစ်သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို ၁၉၆၀ ပြည့်နှစ်  အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အင်အား ၁၀၀ လောက်နဲ့  စတင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013