DVB Logo
Home
မြန်မာသတင်း
အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်ရန် ကေအိုင်အို ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း 
DVB
·
October 25, 2023
အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်ရန် ကေအိုင်အို ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း 
Donate to DVB

အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်ပြီး ပင်လုံကတိကို အခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့အစည်းတွေအားလုံးနဲ့ လက်တွဲပြီး ကြိုးစားအားထုတ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်မှာ ကျရောက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့  (KIO) ၆၃ နှစ်ပြည့် ကချင်ဘာသာနဲ့ ထုတ်ပြန်တဲ့ မိန့်ခွန်းမှာ ပြောကြားထားတာပါ။

“စစ်ကောင်စီကြောင့် တိုင်းပြည် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အခုလိုဖြစ်ပေါ်လာရတာဟာ တိုင်းပြည်ပျက်စီးခြင်းကို ဦးတည်စေတာကို တွေ့မြင်လာရတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူသဖွယ် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်နေတယ်။ ဒါကြောင့် ပြည်သူတွေ အမြောက်အမြား စစ်ဘေးရှောင်နေရပြီး ဆင်းရဲဒုက္ခခံစားနေရတာကို တကမ္ဘာလုံးက ထင်ထင်ရှားရှားမြင်နေရပြီ။”

အဘက်ဘက်က ကျပ်တည်းလာတဲ့ စစ်ကောင်စီဟာ မြို့ရွာတွေတော်တော်များများမှာ ပြည့်သူ့စစ်တွေ ဖွဲ့စည်းခိုင်းနေတာဟာ ပြည်သူအချင်းချင်း ရန်သူဖြစ်လာနိုင်တာကြောင့် ဒီပြည်သူ့စစ်ဖွဲ့စည်းခြင်းမှာ မပါဝင်ဖို့၊ နည်းလမ်းရှာ ရှောင်ရှားကြဖို့လည်း ကေအိုင်အိုခေါင်းဆောင်က အလေးအနက်ထား သတိပေးတိုက်တွန်းထားပါတယ်။

အာဏာရှင်စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ အားတက်သရော ဂုဏ်ယူစွာထမ်းဆောင်တာတွေ၊ ထောက်ခံအားပေးတာတွေ မပြုလုပ်ဖို့နဲ့ စစ်အာဏာရှင် အမြစ်တွယ်တည်မြဲအောင် ပံ့ပိုးပေးတာတွေ မလုပ်ဆောင်ကြဖို့လည်း ပြည်သူတွေကို ချစ်ခြင်းမေတ္တာစိတ်နဲ့ နှိုးဆော်လိုတယ်လို့ မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

ဒီလိုအကျပ်အတည်း အခက်အခဲဖြစ်နေချိန်မှာ စစ်ကောင်စီက ဧည့်စာရင်းလိုက်ကောက်နေပြီး ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာက နည်းလမ်းမမှန်တဲ့အပြင် နိုင်ငံအကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲတာကြောင့် ပြည်သူတွေ ဘယ်သူမှ ဒီလုပ်ငန်းစဉ်မှာ မပါဝင်ကြဖို့၊ အားမပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကြောင့် မူးယစ်ဆေးဝါးအမျိုးမျိုး ပိုမိုသုံးစွဲမှုများလာတာတွေ့ရှိရတာကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို နေရာဒေသအလိုက် လုပ်ဆောင်ကြဖို့ KIO ဝန်ထမ်းတွေကိုလည်း ပန်ကြားလိုက်ပါတယ်။

လက်ရှိကြားကာလမှာ အမှုထမ်းတွေအားလုံးဟာ လုပ်ငန်းဆောင်တာလုပ်ငန်းတွေအားလုံးကို အရင်ကထက် ကြိုးစားအာရထုတ်ရမယ့် ကာလဖြစ်တာကြောင့် ဗဟိုကော်မတီက လမ်းညွှန်ဦးဆောင်တဲ့ လမ်းစဉ်အတိုင်း အာဏာရှင်စနစ်ကိုတော်လှန်တဲ့ လုပ်ငန်းတိုင်း အောင်မြင်မှုရရှိဖို့ အစွမ်းအစထုတ်ပြီး တာဝန်ထမ်းဆောင်ကြဖို့နဲ့ KIO ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်လုပ်ရပ်မျိုး ရှောင်ကျဉ်ကြဖို့လည်း မိန့်ခွန်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမှုထမ်းတွေ လိုက်ပါဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေကို လိုက်နာပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ငန်းတွေနဲ့ ကြမ်းတမ်းတဲ့ အာဏာရှင်စရိုက်တွေကို မလုပ်ဆောင်မိဖို့လည်း မိန့်ကြားထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization) ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကချင်လူကြီးတချို့နဲ့ လူငယ်တွေ အစည်းအဝေး ကျင်းပကာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013