
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကြာရမ်းနဲ့ ထန်ကြာပရွာအနီးမှာ အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ MNDAA ကိုးကန့်တပ်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ မုံးကိုး ဖောင်ဆောင်ဒေသက တိုက်ပွဲအတွင်းမှာလည်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ သေဆုံးစစ်သည်အလောင်း ၂၀ နဲ့ လက်နက်ခဲယမ်းအများအပြားကို MNDAA ကိုးကန့်တပ်က သိမ်းဆည်းရမိတာတွေ ရှိခဲ့ပါတယ်။
ဇူလိုင်လက စတင်လို့ MNDAA လှုပ်ရှားနယ်မြေအတွင်းကို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည် အများအပြား သေဆုံးဒဏ်ရာရတာတွေ ဆက်တိုက်ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ် ၁၀၅ မိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသတွေမှာ MNDAA ကိုးကန့်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။