DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၅ ဦး တရုတ်-မြန်မာ နယ်စပ်ခိုးပေါက်မှ ရိုက်နှက်ပြန်ပို့ခံရ
DVB
·
October 23, 2021
မြန်မာနိုင်ငံသား ၅ ဦး တရုတ်-မြန်မာ နယ်စပ်ခိုးပေါက်မှ ရိုက်နှက်ပြန်ပို့ခံရ
1 / 2
Donate to DVB

တရုတ်နိုင်ငံ ဝမ်တိန်မြို့က မြန်မာနိုင်ငံသားတွေ နေထိုင်တဲ့အခန်းတွေကို အောက်တိုဘာ ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ရဲတွေက ဝင်ရောက်စစ်ဆေးပြီး ၁ ဦးမှာ ပိုးတွေ့တာကြောင့် လူ ၅ ဦးအား ဖမ်းဆီးပြီး ခိုးပေါက်ကနေ ရိုက်နှက်ပြန်ပို့လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

အပေါ်ထပ်၊ အောက်ထပ်၊ ဆိုင်ကယ်တွေရော၊ ခွေးရော၊ ကြောင်ရော ပိုးရှိ၊ မရှိ သက်ဆိုင်ရာက လာစစ်ဆေးခဲ့ကြောင်း၊ ဒီနောက် ပိုးတွေ့တယ်မ‌ပြောဘဲ အခန်းထဲ stay at home နေထိုင်ဖို့ ပြောခဲ့ပြီးနောက် မိုးချုပ်ခါနီးမှ ရဲတပ်ဖွဲ့က ကားနဲ့ လာခေါ်သွားတာလို့ ကာယကံရှင်တဦးက ပြောပါတယ်။

“ကျနော်တို့ထဲ တယောက်က ပိုးတွေ့တာ သူတို့က လာမပြောပြဘူး။ Q လည်း မဝင်ခိုင်းဘူး။ မကုပေးဘဲနဲ့ positive ဖြစ်တဲ့သူကိုရော ကားပေါ်တက်ခိုင်းပြီး တခါတည်း ဝမ်တိန်အထွက် ပန်ဆိုင်းဘက်က ချောင်းနားခိုးပေါက်ကို ပို့လိုက်တာ။" 

ဖမ်းဆီးခံရသူတွေကတော့ အမျိုးသား ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ယောက်တို့ဖြစ်ပြီး ဝိမ်တိန်-ရွှေလီ-ကျယ်ဂေါင်-မင်္ဂလာ မူဆယ်က ခိုးပေါက်ကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခိုးပေါက်ရောက်တဲ့အချိန် ရေကြီးနေတာကြောင့် ကားပေါ်က မဆင်းဘဲနေရာမှာ ရဲတွေက အမျိုးသား ၂ ယောက်ကို ရိုက်လိုက်ခဲ့တယ်လို့ ကာယကံရှင်က ပြောပါတယ်။

"ကျနော့်ကို ရိုက်တဲ့ရဲက ဝမ်တိန်-ကျင်းစန်းကျော့ ခိုးပေါက်နား စောင့်တဲ့ရဲလေ။ သူတို့ ၆ ယောက်လောက် ၅ ပေလောက်ရှိတဲ့ တုတ်ချောင်းကိုင်ထားပြီး ဆင်းခိုင်းတယ်။ ဆင်းတာနဲ့ ကျနော့်ကို ရိုက်တာ။" 

ကိုယ်ဝန်ဆောင် အမျိုးသမီးက ရေကြီးတာကြောင့် ဖြတ်လို့မရကြောင်း ဒူးထောက်၊ ငိုယို တောင်းပန်ပေမယ့် နယ်ခြားစည်းရိုးခတ်ထားတဲ့နေရာကို အကုန်လုံးတွန်းပို့ပြီး သော့ခတ်လိုက်တာကြောင့် လူတစ်ယောက်စာ သွားလို့ရတဲ့နေရာမှာ ၁ နာရီလောက်ကြာ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ ပိတ်မိခဲ့တယ်လို့ ဆိုပါတယ်။

"ရေကြီးလို့ မြန်မာဘက်ကူးလို့ မရဘူး။ တရုတ်ဘက်ရှိတဲ့ အသိတွေကို ပြန်အကူအညီတောင်းလိုက်တော့ သူတို့အပေါက် ပြန်ဖွင့်ပေးလာတယ်။ ဝမ်တိန်ကနေ ရွှေလီ၊ ရွှေလီကနေ ကျယ်ဂေါင်ဘက်ကနေ မင်္ဂလာမူဆယ်ဘက်က ခိုးပေါက်သေးသေးနား  ၁ နာရီကျော်လောက် စောင့်ပြီး ထွက်ခိုင်းတယ်။ မနက် ၁ နာရီခွဲလောက် မူဆယ်ရောက်တယ်။ မိုးလင်းမှ အလယ်ပေါက်ကနေ ထွက်မယ်ဆိုလည်း မရဘူး။ ညချင်းပဲ မူဆယ်ဘက်ကို ပို့လိုက်တယ်။ ကျနော်တို့က တရားဝင် ဝင်လာတာ။ နေထိုင်ခွင့် အထောက်အထား အကုန်ရှိတာကို အတင်းမောင်းထုတ်ခံရတယ်။ ဘာမှလည်း မရှင်းပြဘူး။ သက်တမ်းလည်း မကုန်သေးဘူး။ အဲမှာနေလာတာ ၂ နှစ်ရှိပြီ။" 

ဒါ့အပြင် တရုတ်ရဲတွေက အခုလို ခိုးပေါက်က ပြန်ပို့တာနဲ့ ရိုက်နှက်ခဲ့တယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ ပြန်မပြောဖို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး နမ့်ခမ်းနယ်စပ် တရုတ်ဘက်ခြမ်း လုံတောက်ဘက်မှာ နေထိုင် အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို နေထိုင်ခွင့် သက်တမ်းမကုန်သေးလည်း ဖိအားပေး ပို့ဆောင်ခံနေရတယ်လို့ သိရပါတယ်။

မန်စီဘက်က မြန်မာလုပ်သား အချို့ကိုလည်း ကတ်လုပ်ထားတဲ့တိုက်မှာ မနေဘဲ တိုက်ပြောင်းနေထိုင်တဲ့ အကြောင်းပြချက်နဲ့ အပြစ်တွေရှာကြံပြီး ခိုးပေါက်ကနေ အတင်းအကျပ် ပို့ဆောင်ခံနေရတာကြောင့် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဆုံးရှုံးရတဲ့အပြင် လမ်းခရီး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ မြန်မာနဲ့ တရုတ်နယ်စပ် ဂိတ်ပေါက်တွေအားလုံးကို ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားတာဖြစ်ပါတယ်။ 

ကိုဗစ်တတိယလှိုင်း ဖြစ်ချိန်ကစ တရုတ်နယ်စပ်ရောက် မြန်မာနိုင်ငံသားတွေကို တရားဝင် ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ပေါက်ကနေ လွှဲပြောင်းပို့ဆောင်ပေးသူ ၁ သောင်းကျော်ပြီဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ခိုးပေါက်ကနေ ပို့ဆောင်နေတာလည်း အများအပြား ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013