DVB Logo
Home
မြန်မာသတင်း
အာဆီယံဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်၊ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်တက်ခွင့်ရှိဟု စစ်ကောင်စီထုတ်ပြန်
DVB
·
October 23, 2021
အာဆီယံဆုံးဖြတ်ချက်ကိုမလိုက်နာနိုင်၊ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်တက်ခွင့်ရှိဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံမှာ တက်ခွင့်မပြုတဲ့ အာဆီယံဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲကြောင်းနဲ့ မြန်မာနိုင်ငံအကြီးအကဲအနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အခွင့်အရေး အပြည့်အဝရပိုင်ခွင့်ရှိတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အောက်တိုလာ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမယ့် (၃၈) ကြိမ်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ  မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ထပ်မံတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကိစ္စကို အောက်တိုဘာ ၁၅ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ရာမှာ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  ဖိတ်ကြားဖို့ အဖွဲ့ဝင်နိုင်ငံတွေ အကြား တူညီဆန္ဒမရရှိခဲ့ကြသကဲ့သို့ မဖိတ်ကြားရန်လည်း တူညီဆန္ဒမရရှိခဲ့ကြောင်း ဒါပေမဲ့  အစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်တွင် အဆိုပါတူညီဆန္ဒမရရှိတဲ့ ကိစ္စကို ထည့်သွင်းဖော်ပြခဲ့တာဟာ အာဆီယံပဋိညာဉ်နဲ့ မကိုက်ညီတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ခက်ခဲတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

ဒါ့အပြင် အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေကို အကြောင်းပြုပြီး အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ရေးကိစ္စကို အဓိကထားဆွေးနွေးခဲ့သောတာဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့  အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားဖို့  ပြည်တွင်းရေးမစွက်ဖက်ဖို့  မူတွေနဲ့ ဆန့်ကျင်နေတယ်လို့ဆိုပါတယ်။

အာဆီယံပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးဟာ တန်းတူရည်တူ ရှိပြီး၊ အာဆီယံထိပ်သီးအစည်းအဝေးတွေကို နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရ အဖွဲ့အကြီးအကဲတွေ ပါဝင်ဖွဲ့စည်းရမယ်လို့ ပြဋ္ဌာန်းထားတာကြောင့်  မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအကြီးအကဲက အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝရပိုင်ခွင့်ရှိတယ် လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းတွေနဲ့အညီ သဘောထားကွဲလွဲမှု‌တွေကို စေ့စပ်ဆွေးနွေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပေမဲ့  အာဆီယံပဋိညာဉ်နဲ့ ဆန့်ကျင်ပြီး၊ မျှတမှုမရှိ မူဘောင်ကျော်လွန်ဆောင်ရွက်မှုကို လက်ခံနိုင်ခြင်းမရှိကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်နဲ့အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဌာနက အသိပေးကြေညာထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့  မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာအကောင်အထည် ဖော်ခြင်းမရှိတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီး အစည်းအဝေး တက်ခွင့်မပြုဖို့ သဘောထားရှိကြတာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီးအပေါ် အများယုံကြည်မှုထိခိုက်နိုင်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ ရတာလို့လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့က ပြောကြားထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013