DVB Logo
Home
Lead Story
အိန္ဒိယက မြန်မာစစ်ခေါင်းဆောင်ကို 'ကော်ဇောနီခင်း ကြိုဆိုမဲ့အစား လက်ထိတ်ခတ် ဖမ်းဆီး' သင့်တယ်
DVB
·
June 9, 2026
အိန္ဒိယက မြန်မာစစ်ခေါင်းဆောင်ကို 'ကော်ဇောနီခင်း ကြိုဆိုမဲ့အစား လက်ထိတ်ခတ် ဖမ်းဆီး' သင့်တယ်
Donate to DVB

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့တာနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရဟာ ဝေဖန်မှုတွေ ပိုမိုရင်ဆိုင်လာရပါတယ်။ မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာပြီးနောက်ပိုင်း သူ့ကို ပထမဆုံး လက်ခံတွေ့ဆုံတဲ့ နိုင်ငံဟာ အိန္ဒိယ ဖြစ်လာပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ၅ ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်ကို စစ်ရေးပြ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၊ သမ္မတ ဒရော်ပါဒီ မူရ်မူ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရှုတ်ချမှုတွေကို နှစ်နဲ့ချီပြီး ရင်ဆိုင်နေရသူပါ။

စစ်တပ်က အာဏာဆက်လက် ချုပ်ကိုင်ထားဖို့အတွက် ဟန်ပြလုပ်ဆောင်တဲ့ တရားမဝင် ရွေးကောက်ပွဲတွေ အပြီးမှာ သူ့ကိုယ်ပိုင် အရပ်သားအစိုးရတရပ်ကို ဖွဲ့စည်းထားတယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယဘက်ကတော့ ဒီနိုင်ငံတော်အဆင့် ခရီးစဉ်ဟာ အိမ်နီးချင်းနိုင်ငံနဲ့ အရေးပါတဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။ ဒါပေမဲ့ လေ့လာသုံးသပ်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဆုံးဖြတ်ချက်ဟာ အမြော်အမြင် နည်းပါးပြီး မြန်မာပြည်သူတွေအတွက်ရော၊ အိန္ဒိယအတွက်ပါ အကျိုးမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတ မဟုတ်ပါဘူးလို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ရဲ့ ဥက္ကဋ္ဌ မာစီခရစ္စတီ ဘားရန့်စ်က ပြောပါတယ်။

"သူဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တဲ့ ရာဇဝတ်မှုမြောက်တဲ့ အာဏာသိမ်းမှုကို ဖန်တီးခဲ့သူဖြစ်ပြီး အဲဒီအချိန်ကစလို့ သူ့ပြည်သူတွေအပေါ် အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် ကျူးလွန်မှုတွေကို ဦးဆောင်နေသူ ဖြစ်ပါတယ်။"

ဒီခရီးစဉ်ရဲ့ အဓိက အစီအစဉ်ကတော့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ မိုဒီတို့ရဲ့ တွေ့ဆုံမှုပါပဲ။ တွေ့ဆုံအပြီးမှာ ခေါင်းဆောင်နှစ်ဦးစလုံး မီဒီယာတွေကို စကားမပြောခဲ့ပါဘူး။ နှစ်ဖက်စလုံးက "နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးရဲ့ အရေးပါပုံကို အလေးထား ပြောဆိုခဲ့ကြပြီး" ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်စီမံခန့်ခွဲမှု၊ "နှစ်နိုင်ငံ၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေ" ကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် မင်းအောင်လှိုင်ကို အိန္ဒိယသမ္မတ အိမ်တော်မှာ သမ္မတ မူရ်မူက လက်ခံ တွေ့ဆုံခဲ့ပါတယ်။ သမ္မတက အိန္ဒိယနဲ့ မြန်မာဟာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ သူဟာ အိန္ဒိယရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းကို သွားရောက်ခဲ့ပြီး စီးပွားရေးနဲ့ စက်မှုလုပ်ငန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ၊ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို သွားရောက်လေ့လာတာတွေ လုပ်ဆောင်ခဲ့ကာ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

နယူးဒေလီဘက်ကတော့ ပထဝီဝင် အနေအထားအရ အရှေ့ဘက် အိမ်နီးချင်းနိုင်ငံကို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ ဆက်ဆံရေးကို ဆက်ထိန်းထားဖို့ကလွဲလို့ ရွေးချယ်စရာ သိပ်မရှိဘူးလို့ အရင်ကတည်းက အကြောင်းပြခဲ့ပါတယ်။

အိန္ဒိယနဲ့မြန်မာ ၂ နိုင်ငံဟာ ကီလိုမီတာ ၁,၆၀၀ ရှည်လျားတဲ့ နယ်စပ်ကို မျှဝေပိုင်ဆိုင်ထားပြီး လုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှုနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး စတဲ့ တူညီတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီရေး လိုလားတဲ့ ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ရာကနေ စတင်ခဲ့တဲ့ ပြည်တွင်းစစ် (လူထောင်ပေါင်းများစွာ သေဆုံးပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခ) အတွင်း မြန်မာနိုင်ငံ လုံးလုံးနစ်မွန်းနေချိန်မှာ အိန္ဒိယက မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့တာကတော့ ထူးခြားတဲ့ အဖြစ်အပျက်တခု ဖြစ်ပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားတဲ့ စွဲချက်တွေနဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး ရှေ့နေတွေနဲ့ တွေ့ခွင့်မရသလို မိသားစုဝင်တွေ လာရောက်တွေ့ဆုံခွင့်လည်း မရှိပါဘူး။ သူဟာ ပြီးခဲ့တဲ့ ၅ နှစ်နီးပါး တိုက်ပိတ်ခံထားရပြီး တနိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ နယ်မြေအများအပြားကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ၂၀၂၁ အာဏာသိမ်းမှုကို မဦးဆောင်ခင်ကတည်းက စစ်တပ်အတွင်း သြဇာကြီးမားသူ တဦးဖြစ်ပြီး ရိုဟင်ဂျာ လူနည်းစုတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေမှာ ဦးဆောင်ညွှန်ကြားခဲ့သူကြောင့် ပိတ်ဆို့အရေးယူခံထားရသူပါ။ ဒီလုပ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်ဆိုထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မွေးဖွားပြီး ဗြိတိန်ကို ပြောင်းရွှေ့နေထိုင်တဲ့ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ ဦးထွန်းခင်က "အိန္ဒိယအနေနဲ့ (မင်းအောင်လှိုင်ကို) ကော်ဇောနီခင်း ကြိုဆိုမဲ့အစား လက်ထိတ်ခတ်သင့်တာပါ။ မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ အိန္ဒိယအတွက် ပြဿနာတွေ ဖန်တီးခဲ့ပါတယ်။ အိန္ဒိယနယ်စပ်မှာ မတည်ငြိမ်မှုတွေ၊ ဒုက္ခသည်တွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းစင်တာတွေ ဖန်တီးခဲ့သလို စီးပွားရေး အခွင့်အလမ်းတွေကိုလည်း ထိခိုက်စေခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ ဗိုလ်ချုပ်တယောက်ကို တရားဝင်အောင် လုပ်ပေးမဲ့အစား အိန္ဒိယအနေနဲ့ ဒီမိုကရေစီလိုချင်တဲ့ မြန်မာနိုင်ငံကို ထောက်ခံတာက ပိုအကျိုးရှိပါလိမ့်မယ်" လို့ The Independent ကို ပြောပါတယ်။

အမေရိကန်ဟာ ရိုဟင်ဂျာ ထောင်ပေါင်းရာနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးစေခဲ့တဲ့ စစ်ဆင်ရေးတွေ အပါအဝင် ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ကို ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှု အပြီးမှာတော့ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာလည်း ယူကေက သူ့ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှု စနစ်ကို ဆက်လက်ထိန်းသိမ်းထားပြီး သက်တမ်းတိုးခဲ့ပါတယ်။

အခုနှစ် အစောပိုင်းမှာပဲ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်အပေါ် စွဲဆိုထားတဲ့ ဂျီနိုစိုက် အမှုအတွက် ကြားနာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအမှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေကြားက ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးစေခဲ့တဲ့ စစ်ဆင်ရေးတွေကို အဓိကထား စွဲဆိုထားတာပါ။ ၂၀၂၅ ခုနှစ်မှာ အာဂျင်တီးနား တရားရုံးတခုက ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဂျီနိုစိုက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

Burma Campaign UK ရဲ့ ဒါရိုက်တာ မာ့ခ်ဖာမန်နာက မိုဒီရဲ့ လက်ရှိမူဝါဒဟာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ထွက်ပေါ်လာတာဖြစ်ပေမဲ့ နယူးဒေလီအနေနဲ့ ရေရှည်မှာ ပေကျင်းအပေါ် မှီခိုမှုနည်းနိုင်တဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာနိုင်ငံကို ထောက်ခံအားပေးတာက ပိုပြီး အကျိုးရှိလိမ့်မယ်လို့ The Independent ကို ပြောပါတယ်။

"သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ပြီးကတည်းက ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ပထမဆုံး ဖိတ်ကြားသူ ဖြစ်ခြင်းအားဖြင့် အိန္ဒိယအတွက် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ သြဇာလွှမ်းမိုးမှုကို ရရှိလိမ့်မယ်လို့ မိုဒီက တွက်ဆထားတာ ဖြစ်ပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။ "မြန်မာနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့ လက်ရှိချဉ်းကပ်ပုံက တရုတ်ရဲ့ နောက်ကနေပဲ အမြဲလိုက်နေရမဲ့ အခြေအနေဆီ တွန်းပို့လိုက်တာပါပဲ။ ဘာလို့လဲဆိုတော့ အိန္ဒိယဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နေရာနဲ့ ကမ္ဘာလုံးဆိုင်ရာ ဩဇာကို မယှဉ်နိုင်လို့ပါ။"

အရှေ့တောင်အာရှကဒေသတွင်း အဖွဲ့အစည်းတခုဖြစ်တဲ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့က အိန္ဒိယရဲ့ "အိမ်နီးချင်း ပထမ" မူဝါဒနဲ့ "အရှေ့မျှော်" နိုင်ငံခြားရေး မူဝါဒတွေဟာ တည်ငြိမ်မှု၊ ယုံကြည်မှုနဲ့ စည်းမျဉ်းအခြေပြု ဒေသတွင်း အစီအစဉ်တွေပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး အဲဒီတန်ဖိုးတွေ အားလုံးကို မြန်မာစစ်တပ်က ဖျက်ဆီးပစ်ခဲ့တာလို့ ထောက်ပြထားပါတယ်။

ခရီးစဉ်မတိုင်မီမှာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှု ကွန်ရက်တွေနဲ့ တိုင်းရင်းသားအဖွဲ့ စတဲ့အဖွဲ့ပေါင်း ၁၂၂ ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာတစောင် ထွက်ပေါ်ခဲ့ပြီး အိန္ဒိယအနေနဲ့ အဆိုပါ ဖိတ်ကြားချက်ကို ရုပ်သိမ်းဖို့နဲ့ "မြန်မာ့ အကျပ်အတည်းပေါင်းစုံရဲ့ ဖန်တီးရှင်" လို့ သူတို့သတ်မှတ်ထားတဲ့ ခေါင်းဆောင်ကို တရားဝင်မှု ပေးအပ်တာမျိုး ရှောင်ရှားဖို့ တိုက်တွန်းခဲ့ပါတယ်။

မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာဟာ "မြန်မာပြည်သူတွေအပေါ် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ တရားမဝင် စစ်ကောင်စီကို မရည်ရွယ်ဘဲ တရားဝင်မှု ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်" လို့ အဆိုပါစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက နေပြည်တော်က အစိုးရနဲ့ ထိတွေ့ဆက်ဆံတာဟာ သူတို့ရဲ့ နိုင်ငံရေးစနစ်ကို ထောက်ခံတာ မဟုတ်ဘူးလို့ ပြောပါတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးတဲ့ အစီအစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကိစ္စတွေကို မိုဒီက ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

"အဆက်အသွယ် ဖြတ်တောက်ထားခြင်းဟာ ထိတွေ့ဆက်ဆံခြင်းထက် ပိုကောင်းတဲ့ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပါပြီ။ ကျနော်တို့ လိုလားတာ ဒီမိုကရေစီ အပြောင်းအလဲ ဆိုရင်တောင် အဆက်အသွယ် ဖြတ်ထားရုံနဲ့တော့ အဲဒါ ဖြစ်မလာပါဘူး" လို့ သူက ပြောပါတယ်။

"တခြားတဖက်မှာလည်း အဆက်အသွယ် ဖြတ်တောက်လိုက်တာဟာ လစ်ဟာမှုကြီးတခုကိုပဲ ဖြစ်စေပြီး တခြားသူတွေ ဝင်နေရာယူသွားရင် ကျနော်တို့ကိုပဲ ထိခိုက်စေပါလိမ့်မယ်။ အဲဒီ တခြားသူတွေဆိုတာက ဒီမိုကရေစီရေးကို ဘာစိတ်ဝင်စားမှုမှ မရှိဘူးဆိုတာ ကျနော် အာမခံရဲပါတယ်" လို့ တရုတ်ကို ရည်ညွှန်းပြီး သူက ပြောဆိုခဲ့ပါတယ်။

Organization for Research on China and Asia (ORCA) မှ တွဲဖက်သုတေသီ အိုဖီးလီရာ ယမ်လမ်ဘမ်က ချင်းပြည်နယ်လို မြန်မာနယ်စပ်ဒေသက ဖြစ်ပေါ်တိုးတက်မှုတွေဟာ အိန္ဒိယအတွက် အလွန်အရေးကြီးကြောင်း The Independent ကို ပြောပါတယ်။

"နယူးဒေလီအတွက်တော့ မြန်မာနိုင်ငံက အကျပ်အတည်းဟာ အလှမ်းဝေးတဲ့ နိုင်ငံရေးပြဿနာ တခုမဟုတ်ဘဲ နယ်စပ်လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ ချိတ်ဆက်မှု စီမံကိန်းတွေနဲ့ ဒုက္ခသည် စီးဝင်မှုတွေအတွက် တိုက်ရိုက်သက်ရောက်မှုရှိနေတဲ့ ချက်ချင်းရင်ဆိုင်ရမဲ့ အိမ်နီးချင်း စိန်ခေါ်မှုတခု ဖြစ်ပါတယ်" လို့ အိုဖီးလီရာက ပြောပါတယ်။

ရွှေတာရှာမား

Ref: The Independent

(ယူကေနိုင်ငံထုတ် The Independent သတင်းစာတွင် ဒေလီအခြေစိုက် အာရှရေးရာ သတင်းထောက် ရွှေတာရှာမား  ရေးသားထားသည့် “India should have offered Myanmar’s leader ‘handcuffs, not a red carpet’, critics say” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013