
ရုရှားရဲ့ ခြိမ်းခြောက်မှု တိုးလာတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လာနေတာကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီအစိုးရက ဧပြီ ၂၂ ရက်မှာ စစ်ရေးဗျူဟာ တရပ်ကို ချမှတ်ခဲ့ပါတယ်။
စုစုပေါင်း တပ်သားအရေအတွက်ကို ပိုပြီး သိသိသာသာ မြှင့်တင်ဖို့ အကြီးတန်း စစ်ဘက် အရာရှိ တွေက တောင်းဆိုနေပေမဲ့ တက်ကြွတဲ့ တပ်သားဦးရေ ၂၆၀,၀၀၀ ထားရေး ပစ်မှတ်ကိုတော့ ဆက်ထိန်းထားပါတယ်။
ဂျာမန်အစိုးရဟာ စစ်သား ၄၆၀,၀၀၀ ရှိတဲ့ စစ်တပ်ကို ရည်မှန်းထားပြီး အရန်တပ်သား ၂ သိန်းပါတဲ့ ပစ်မှတ်ကို ၂၀၂၅ ခုနှစ်မှာ သတ်မှတ်ထားတယ်လို့ ဂျာမန် ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ဘာလင်မြို့တော်မှာ သတင်းထောက်တွေနဲ့ စကားပြောချိန်မှာ ပြောခဲ့တာပါ။
“အလိုအလျောက်စနစ်နဲ့ ဉာဏ်ရည်တု နည်းပညာတို့ဟာ ကျနော်တို့ရဲ့ စီမံကိန်း ရေးဆွဲခြင်းအပေါ် မလွဲမသွေ သက်ရောက်လာမှာ ထင်ရှားပြီး ဒီနေ့မှာ ကြိုတင်မြင်တွေ့နိုင်ပြီ” လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ရည်မှန်းချက်က ဥရောပမှာ အင်အားအကောင်းဆုံး ရိုးရာတပ်မတော် ဖြစ်လာဖို့ပါ” လို့လည်း သူက ပြောပါတယ်။
ပြင်သစ်-ဂျာမန် FCAS တိုက်လေယာဉ်စီမံကိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးရာမှာ ပစ္စတိုးရီးယပ်စ်က ဂျာမန်ဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတတို့ဟာ ပြင်သစ်-ဂျာမန် FCAS တိုက်လေယာဉ်စီမံကိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခုအပတ်ထဲမှာ ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်တယ် လို့ ပြောခဲ့ပါတယ်။
ပြင်သစ်ရဲ့ ဒက်ဇော့တ်လေကြောင်းကုမ္ပဏီနဲ့ ဂျာမနီနဲ့ စပိန်ကို ကိုယ်စားပြုတဲ့ Airbus အကြား ယူရို ၁၀၀ ဘီလီယံ (ဒေါ်လာ ၁၁၇ ဒသမ ၅၀ ဘီလီယံ) တန်တဲ့ စီမံကိန်းမှာ ထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုကြောင့် စီမံကိန်းက ရပ်တန့်နေခဲ့ပါတယ်။
Source: Reuters










