DVB Logo
Home
မြန်မာသတင်း
တောင်သာ ပကဖ တာဝန်ခံ မအမရာမောင် ဘာကြောင့် သေဆုံးရတာလဲ
သီရိ
·
July 30, 2026
Photo: Amara Maung/Facebook
Photo: Amara Maung/Facebook
Donate to DVB

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးလှုပ်ရှားမှုအစောပိုင်းကတည်းက ပါဝင်ခဲ့တဲ့ မန္တလေးတိုင်း တောင်သာမြို့နယ် ရုံးစည်ကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ခံ မအမရာမောင် ဟာ ဇူလိုင် ၂၈ ရက်နေ့က ကျဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်ပေါ်ခဲ့ပေမဲ့ မအမရာမောင်ရဲ့ ခင်ပွန်းဖြစ်သူကတော့ တော်လှန်ရေး ရဲဘော်အချင်းချင်း စကားများရာမှ ကျည်ပေါက်ပြီး မတော်တဆထိခိုက် သေဆုံးခဲ့တာလို့ DVB ကိုပြောပါတယ်။

“ပြောရရင်တော့ သူတို့ တိုက်ပွဲတခုအောင်လာတယ်ပေါ့၊ အောင်လာတဲ့အချိန်မှာ အောင်ပွဲခံကြရင်းနဲ့ သောက်ပြီးတော့ သူ့ရဲဘော်တွေ စကားများကြတယ်ပေါ့၊ ကျနော့်အမျိုးသမီးကတော့ အဲ့ဒီအချိန်မှာ အိပ်ရာထဲမှာ အိပ်နေပြီ၊ ရဲဘော် ၂ ယောက် စကားများပြီးတော့ ကျည်ပေါက်သွားတဲ့အချိန်မှာ နံရံကနေတဆင့် ဘယ်ဘက် နှလုံးကို ဖောက်ဝင်သွားတာ။ ဖြစ်နိုင်ခြေရှိတာက သူကခေါင်း ဆောင်ဖြစ်တဲ့အတွက် သူ့အောက်က ရဲဘော်တွေ ရန်ဖြစ်သံကြားလို့ ထလိုက်တုန်း ရှိသေးတာဗျ။ ဖြစ်စဉ်အရကတော့ သူတုံးလုံးလဲနေတုန်းဆို သူ့ကိုမမှန်ဘူး၊ သူထလိုက်တဲ့အချိန်မှာ သူ့ကိုမှန်သွားတာ၊ တိုက်ဆိုင်သွားတယ်ပဲ ပြောရမှာပေါ့။”

အသက် ၄၀ အရွယ် မအမရာမောင်ဟာ အာဏာမသိမ်းခင်ကာလက မြို့နယ်တခုရဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာ ၁၅ နှစ် ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

စစ်အာဏာသိမ်းကာစ ဆန္ဒပြပွဲတွေ လုပ်ဆောင်ခဲ့စဉ်ကာလမှာလည်း တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ မြတောင် သပိတ်စစ်ကြောင်း ဦးဆောင်သူထဲ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လမှာ စစ်တပ်က အကြမ်းဖက် ဖြိုခွဲလို့ မန္တလေးမြို့မှာ မကြယ်စင် ကျည်ဆံထိမှန်သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရပြီး အိုဘိုးထောင်မှာ ၇ လ အကျဉ်းကျခံခဲ့ဖူးပါတယ်။

အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ခဲ့ပြီး တော်လှန်လေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာမှ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ တောင်သာမြို့နယ် ရုံးစည်ကြီးတိုက်နယ် ပကဖတာဝန်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

တော်လှန်ရေးရဲဘော်အချင်းချင်း ပြဿနာဖြစ်တိုင်း လက်နက်နဲ့ ဖြေရှင်းတာကြောင့် အခုလို မတော်တဆ သေဆုံးခဲ့ရတာဖြစ်ပြီး ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်မဖြစ်စေချင်ဘူးလို့ မအမရာမောင်ရဲ့ ခင်ပွန်းက ပြောပါတယ်။

“အခုလို ဖြစ်စဉ်တွေ ဖြစ်ရတာဟာ သင်တန်းမှာ သင်တန်းသားမကျခဲ့လို့၊ အခုဖြစ်စဉ်မှာ ခေါင်းဆောင်တွေပိုပြီး ကြပ်မတ်သင့်တယ်၊ သင်တန်းဆရာတွေ ပိုပြီးတော့ ကြပ်မတ်သင့်တယ်။ နောက်တချက်က စစ်စည်းကမ်းမှာရှိတဲ့ ဘယ်အချိန်မှာ  သေနတ်ကို ဘယ်လိုထားရမလဲ ဆိုတဲ့ အချက်တွေကို ရဲဘော်တွေအနေနဲ့ သိသင့်တယ်။ ဒါဆိုရင် ကျနော်က ရဲဘော်တယောက်လည်း ပေးလိုက်ရသလို အမျိုးသမီးတယောက်လည်း ပေးလိုက်ရတယ်။ ထပ်ပြောရရင် ၄ နှစ်အရွယ် သမီးလေးရဲ့ မေမေကိုပါ ပေးလိုက်ရတာဖြစ်တဲ့အတွက် နောက်ထပ် ဒီလိုဖြစ်စဉ်တွေ မဖြစ်စေချင်တော့ဘူး။”

တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်ပွားတဲ့ ကိစ္စတွေမှာ တယောက်နဲ့တယောက် လက်နက်နဲ့ ဖြေရှင်းတဲ့ကိစ္စတွေ ထပ်မဖြစ်ဖို့အတွက် လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီး သီးသန့်အမိန့်စည်းကမ်းတွေ ထုတ်သင့်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“အခု ဒီလိုမျိုး တယောက်နဲ့တယောက်နဲ့ အဆင်မပြေပြီဆိုရင် ဒီ လက်နက်ကိုင်ပြီးတော့ ဖြေရှင်းတဲ့ အလေ့အထက ဒါ ကျနော်တို့ မလုပ်သင့်ဘူးပေါ့နော်။ ပြီးရင် လက်နက်ကိုင်ထားတဲ့ စည်းမျဉ်းပေါ့နော်၊ လက်နက်ကိုင်ထားတဲ့ စည်းမျဉ်းတွေကို ကျနော်တို့ ဆန်းစစ်ဖို့ လိုပြီပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တကယ့် လက်နက်ကိုင် တပ်ဖွဲ့တွေမှာဆိုရင် ကျနော်တို့ ရှေ့တန်းစစ်မျက်နှာ ဆိုရင်တောင်မှပဲ ကျည်ထိုးလို့ ဆိုတဲ့ အမိန့်ရမှ ကျနော်တို့ ကျည်ထိုးလို့ရတယ်၊ မောင်းတင်လို့ရတယ်ပေါ့နော်။ ဒီပုံစံမျိုးနဲ့ ချုပ်ထားတဲ့ အနေအထားမျိုးကို တွေ့ရတယ်။ အဲ့တော့ ကျနော်တို့ဒီ လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီတော်လှန်ရေးတပ်တွေမှာပေါ့နော် ကျနော်တို့ Standing Order သီးသန့် တပ်ရင်းအမိန့်တွေ ထုတ်ပြန်သင့်တယ်။”

မအမရာမောင်မှာ ၄ နှစ်အရွယ် သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။ အခင်းဖြစ်ပွားတုန်းက သေနတ်လုတဲ့ ရဲ‌ဘော် ၂ ယောက်ကိုတော့ မြင်းခြံခရိုင်စစ်ဌာနက ထိန်းသိမ်းထားပြီး စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013