DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် သရက်မြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
October 19, 2021
ရေစကြိုနှင့် သရက်မြို့တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ရေစကြို-ချောင်းဦး ကားလမ်းမှာ အောက်တိုဘာ ၁၉ ရက် မနက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာတဲ့ ၁၂ ဘီးကားတစ်စီးကို ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရေစကြို-ချောင်းဦး ကားလမ်း၊ အောင်မိုးလမ်းခွဲမှာ ဒီကနေ့မနက် ၉ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို မိုးကာအနက်အုပ်ကာ ခိုးဝှက်သယ်ဆောင်လာတဲ့ ၁၂ ဘီးကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီးတော့ ဝရုန်းသုန်းကား မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

ရေစကြို PDF တပ်ဖွဲ့က ဇွန် ၂၈ ရက်နေ့ကနေ အောက်တိုဘာ ၁၉ ရက်နေ့အထိ စစ်အုပ်စုနဲ့ ဒလန်တွေကို ဖောက်ခွဲတိုက်ခိုက်တာ ၃၀ ကြိမ် ပြုလုပ်ခဲ့ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဘက်က ၆၀ ထက်မနည်း သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာရှိသလို ရေစကြို PDF တပ်ဖွဲ့က သီးသန့်တိုက်ခိုက်တာလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အဓိက စီးပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင် ၈ တိုင်ကိုလည်း ၉ ကြိမ်တိတိ ဖောက်ခွဲ မီးရှို့ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အများပြည်သူတွေဆီက မီတာခ အတင်းအကျပ်ကောက်ခံတဲ့ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးရုံး၊ ပခန်းကြီးနယ်မြေရဲစခန်းနဲ့ ဒလန်တစ်ယောက်ရဲ့ ဓာတ်ဆီဆိုင် အပါအဝင် စစ်အုပ်စုယာဥ်တန်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

ရေစကြို PDF ဘက်ကတော့ သြဂုတ် ၁၉ ရက်နေ့မှာ စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ၊ ပစ္စည်းတွေ၊ ဆိုင်ကယ်တွေနဲ့ ဆန်ရိက္ခာ တချို့ ဆုံးရှုံးခဲ့ပေမယ့် အထိအခိုက် အကျအဆုံး မရှိဘူးလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်မှာလည်း အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုကို သရက် PDF နဲ့ ကံမ PDF တို့ နှစ်ဖွဲ့ပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့ သရက် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

သရက်မြို့နယ် ပုဏ္ဏားကျေးရွာအနီးမှာ မနေ့ညနေ ၃ နာရီခွဲလောက်က ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား ၆ ယောက်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့က အထိခိုက်အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ ဖြစ်ပွားပြီး ခဏအကြာမှာတော့ အကြမ်းဖက်စစ်အုပ်စုတွေဟာ ခရီးသွားပြည်သူ ၂ ယောက်ကို ပစ်သတ်သွားတယ်လို့ ကြားသိရပြီး အဲဒီ ပစ်သတ်ခံရတဲ့ ပြည်သူတွေဟာ ဘယ်နယ်ကလည်း ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ညပိုင်းမှာ ပုဏ္ဏားကျေးရွာကို ရောက်လာပြီးတော့ ကျေးရွာအတွင်းမှာ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီးတော့ ခြိမ်းခြောက်သောင်းကျန်းသွားတယ်လို့ သရက် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုနဲ့ သရက်မြို့နယ်တွေမှာ တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံး ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013