
မကွေးတိုင်း၊ သရက်မြို့နယ်မှာ သြဂုတ် ၁၀ ရက် မနက်ပိုင်းက စစ်အာဏာရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ လူ ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းဆီကနေ သိရပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “သရက်မြို့နယ်ထဲက ရေမျက်ရဲစခန်းကနေ စစ်သား၊ ရဲနဲ့ ပျူ အင်အား ၇ ယောက်နဲ့ ထွက်လာတာကို အဲဒီ ရေမျက်ရွာနားမှာပဲ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မျက်မြင် ၃ ယောက် သေပါတယ်။ ကျန်တဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းကနေ G4 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနဲ့ ကျည် ၆ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တာဝန်ခံ ကိုမြတ်က “သူတို့စစ်အုပ်စုက သရက်-မင်းတုန်းလမ်းပိုင်းကို အသုံးပြုသွားလာနေကြတဲ့ ခရီးသွားကားတွေဆီကနေ ပိုက်ဆံတောင်းဖို့နဲ့ လူငယ်တွေကို ပေါ်တာဆွဲဖို့ ထွက်လာနေကြ ဆိုတာကို ကြိုတင်သတင်းရတာကြောင့် အခုလို စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ချိန်ကတော့ ၅ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘဲနဲ့ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။
သရက်ခရိုင်အမှတ် ၄ တပ်ရင်းဟာ စစ်တပ်လက်အောက်ခံတွေကို တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေပြီး နယ်မြေအခြေအနေအရ သတင်းထုတ်ပြန်မှု နောက်ကျခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။










