
စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ကြေညာပြီးနောက် အင်းစိန်ထောင်က ပြန်လွတ်လာမယ့် သူတွေထဲမှာ အနုပညာရှင် ၂၄ ဦးနဲ့ ထင်ရှားကျော်ကြားသူ ၁၀ ဦးပါဝင်လာနိုင်တယ်လို့ သရုပ်ဆောင်ရဲတိုက်နဲ့ ပိုင်တံခွန်တို့ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
“ကျနော်တို့ ကြားထားတာကတော့ အနုပညာရှင် ၂၄ ဦးနဲ့ ထင်ရှားကျော်ကြားသူ ၁၀ ဦး၊ ၃၄ဦး ပါလာလိမ့်မယ်။ အကုန်လုံးနီးပါးလောက် ပါလာပါလိမ့်မယ်။ ခုညနေကို သူတို့ မီသလောက် လွှတ်ပေးမယ်လို့ ပြောတယ်လေ။ ခုညနေပဲ ပါလာမလားပေါ့။ မိသားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ စောင့်ဖို့ ကြိုဖို့လုပ်နေပါတယ်” လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
ရန်ကုန် အင်းစိန်ထောင်မှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းမှာ စတင်ပြီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြစ်ဒဏ်ချခံထားရတဲ့သူတွေကတော့ ခံဝန်လက်မှတ်ထိုးပြီးမှ လွတ်မြောက်မှာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ရှေ့နေဦးခင်မောင်မြင့်က “အမှုရင်ဆိုင်ဆဲသူတွေကိုတော့ အမှုရုပ်သိမ်းတဲ့ နည်းလမ်းနဲ့ လွှတ်ပေးမယ်ပေါ့။ စစ်ခုံရုံးတွေက အမိန့်ချပြီးသား ၁၃၀၀ ကျော်ကတော့ စည်းကမ်းချက် သတ်မှတ်ပြီးတော့မှ နောက်နောင် ဒါမျိုး ပြစ်မှုမကျူးလွန်တော့ဘူး ကျူးလွန်ရင် နောက်ထပ်ကျူးလွန်တဲ့ ပြစ်မှုအတွက်ရော အခုလျှော့ပေါ့ပေးတဲ့ ပြစ်ဒဏ်အတွက်ရော ကျခံပါ့မယ်ဆိုတဲ့ ခံဝန်ကတိထိုးပြီးတော့ လွှတ်ပေးမယ် ပြောပါတယ်။ အချုပ်တွေကတော့ အရင်လွတ်လာမှာပေါ့။ ကျန်တဲ့သူတွေကတော့ မနက်ဖြန်၊ သို့မဟုတ် သန်ဘက်ခါ တစ်ရက်ရက် လွတ်လာကြပါပြီ။ အခုအထဲထဲမှာ လွှတ်နိုင်သလောက်လွှတ်ဖို့ ခန်းမတော့ ပြင်ဆင်နေပါပြီ။ ထောင်ဘက်က ရသလောက် မီသလောက် လွှတ်ပေးမယ်လို့ ပြောပါတယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်တာပါ။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူဘက်ကနေ ရပ်တည်ခဲ့တဲ့ ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မင်းသားရဲတိုက်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ပိုပို၊ စသူတွေ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း တရားစွဲ ခံထားရတာဖြစ်ပါတယ်။