DVB Logo
Home
မြန်မာသတင်း
အနုပညာရှင်များအပါအဝင် ဖမ်းဆီးတရားစွဲခံနေရသူများနှင့် အကျဉ်းကျခံနေရသူ ပေါင်း၅၆၀၀ ကျော်ပြန်လွှတ်မည်
DVB
·
October 18, 2021
အနုပညာရှင်များအပါအဝင် ဖမ်းဆီးတရားစွဲခံနေရသူများနှင့် အကျဉ်းကျခံနေရသူ ပေါင်း၅၆၀၀ ကျော်ပြန်လွှတ်မည်
Donate to DVB

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ကျော်ကို စစ်ကောင်စီက ကန့်သတ်ချက်နဲ့လွှတ်ပေးမှာဖြစ်ပြီး  အနုပညာရှင်တွေ အပါအဝင် ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်း ပြန်လွှတ်ဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၁၆ ယောက်ကို အကျဉ်း‌ထောင် အသီးသီးကနေ ခံဝန်ကတိနဲ့ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ အောက်တိုဘာ ၁၈ ရက်မှာ ကြေညာလိုက်တာပါ။ 

လူသားချင်းစာနာထောက်ထားမှုအရ လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့နဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်စေဖို့အတွက်လည်းကောင်း ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ  (၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာလို့ ဆိုပါတယ်။ 

အဆိုပါလွတ်ငြိမ်းသက်သာခွင့်ဟာ နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် အခု ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့  လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် တရားရုံးအသီးသီးမှာ တရားစွဲဆိုခံနေရသူ  အယောက်  ၄၃၂၀ ကိုလည်း ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုတွေကို ပိတ်သိမ်းပြီး တရားခံတွေကို အမှုကနေ လွှတ်ပေး လိုက်ကြောင်းလည်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဒီကနေ့ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။  

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အခုလကုန်ပိုင်း ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာတက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်သူတဦးကို ဖိတ်ကြားသွားမယ်လို့ အာဆီယံအဖွဲ့က ကြေညာပြီး နောက်မှာ အခုလို အကျဉ်းသားတွေကို လွှတ်ပေးဖို့ အမိန့်ထွက်လာတာဖြစ်ပါတယ်။

ဆန္ဒပြစဉ်ကပါဝင်တာ၊ လူမှုကွန်ရက်ကို အသုံးပြုပြီး ဆန့်ကျင်လှုံဆော်တာတွေ ပြုလုပ်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ အရေးယူခံထားရတဲ့ အနုပညာရှင် ၂၄ ဦးနဲ့ လူမှုကွန်ရက်မှာ လူသိများသူ ၁၀ ဦးတို့အပေါ် အရေးယူထားတဲ့ အမှုတွေကိုလည်း ဥပဒေနဲ့ အညီ ပိတ်သိမ်းလိုက်တယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်မှာ  ဖမ်းဆီးထိန်းသိမ်း တရားစွဲ ခံထားရတဲ့ ထင်ရှားတဲ့အနုပညာရှင်တွေထဲမှာ အကယ်ဒီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊  ပိုပို၊ ဝင်းမင်းသန်း စတဲ့  အနုပညာရှင်တွေ ပါဝင်တာဖြစ်ပြီး အခုပြန်လွတ်လာသူတွေထဲမှာတော့ ဘယ်သူတွေပါသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ပြန်လွတ်လာမယ့် သူတွေထဲမှာ အနုပညာရှင် ၂၄ ဦးနဲ့ ထင်ရှားကျော်ကြားသူ ၁၀ ဦး အားလုံး ပါဝင်လာနိုင်တယ်လို့  သရုပ်ဆောင်ရဲတိုက်နဲ့ ပိုင်တံခွန်တို့ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"ကျနော်တို့ကြားထားတာကတော့ အနုပညာရှင် ၂၄ ဦးနဲ့ ထင်ရှားကျော်ကြားသူ ၁၀ ဦး၊ ၃၄ဦး ပါလာလိမ့်မယ်။ အကုန်လုံးနီးပါး လောက်ပါလာပါလိမ့်မယ်။ ခုညနေကို သူတို့မီ သလောက်လွှတ်ပေးမယ်လို့ ပြောတယ်လေ။ ခုညနေပဲ ပါလာမလားပေါ့။ မိသားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ စောင့်ဖို့ ကြိုဖို့လုပ်နေပါတယ်။" လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013