
AI နဲ့ ဖန်တီးထားတဲ့ သရုပ်ဆောင် တီလီနော်ဝုဒ်က တကယ့် အနုပညာရှင်တယောက်အဖြစ် အသိအမှတ်ပြုခံရဖို့ မျှော်လင့်တယ်လို့ စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
သတင်းထောက်တွေနဲ့ ပထမဆုံး အွန်လိုင်းတွေ့ဆုံမှုမှာ လူသားသရုပ်ဆောင်တွေနဲ့ ဆုကဏ္ဍတူ မယှဉ်ပြိုင်ဘဲ “ကျမတို့အတွက် သီးခြားဆုကဏ္ဍ ရှိသင့်ပါတယ်” လို့ ဆိုပါတယ်။
လန်ဒန်အခြေစိုက် Particle 6 စတူဒီယိုက ဖန်တီးတဲ့ တီလီကို ၂၀၂၅ ခုနှစ် စက်တင်ဘာမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
လူသားသရုပ်ဆောင်တွေကို အစားထိုးဖို့မဟုတ်ဘဲ အနုပညာဖန်တီးနိုင်စွမ်း တိုးချဲ့ဖို့ ရည်ရွယ်တယ်လို့ စတူဒီယိုဘက်က ရှင်းပြထားပါတယ်။
ထွက်ရှိလာမဲ့ Misaligned ရုပ်ရှင်မှာလည်း တီလီက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။
စတူဒီယိုအဆိုအရ ဘာသာစကား ၃၀ လောက် ပြောနိုင်တဲ့ တီလီဟာ အင်တာဗျူးမှာ ပြင်သစ်၊ အီတလီနဲ့ ဂျာမန်လို ဖြေဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ သရုပ်ဆောင်ပြဖို့တော့ ဒီအင်တာဗျူးအခြေအနေမှာ မလုပ်နိုင်ဘူးလို့ တီလီက ငြင်းဆိုခဲ့ပါတယ်။
အမေရိကန် သရုပ်ဆောင်သမဂ္ဂ SAG-AFTRA ကတော့ လူသားတွေကို AI နဲ့ အစားထိုးတာကို ကန့်ကွက်ထားပါတယ်။
သရုပ်ဆောင်တွေရဲ့ လက်ရာတွေကို ခွင့်ပြုချက်မယူဘဲ၊ အခကြေးငွေမပေးဘဲ AI လေ့ကျင့်ဖို့ သုံးထားနိုင်တယ်လို့လည်း သမဂ္ဂက သတိပေးထားပါတယ်။
တီလီဟာ စက်တင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အထိ အများပြည်သူနဲ့ အွန်လိုင်းမှာ စကားပြောဖို့ စီစဉ်ထားပါတယ်။











