
ပဲခူးတိုင်း၊ ဧရာတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာ အခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ဇူလိုင် ၁၀ ရက် ဒီနေ့မနက် ၉ နာရီ မိနစ် ၄၀ လောက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဝိုင်းရပ်ကွက်၊ ညောင်ဝိုင်းကွက်သစ်ရှိ နေအိမ်တွေအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့လို့ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာ ရွှေတောင်ဦးဘုရားကုန်းပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ပန်းတောင်းမြို့နယ်မှာလည်း ပဲကြီးကျေးရွာမှာ ဒီနေ့မနက် ကမ်းပါးပြိုကျမှုဖြစ်ပွားလို့ ချောင်းကမ်းနားကပ်နေတဲ့ လူနေအိမ် ၃ လုံးကို ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်သာယာရပ်ကွက်၊ မြေနိမ့်ပိုင်းနေရာတွေကို နေအိမ်တွေထဲ ရေဝင်ရောက်ခဲ့လို့ ဒေသခံမိသားစုတွေ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်မှာတော့ ကျိုင်းပင်းကျေးရွာအနီးရှိ နမ့်ခတ်ချောင်းရေ မြင့်တက်လာလို့ ကျိုင်းပင်းတံတား ရေကျော်မှုဖြစ်ပွားပြီး ကျိုင်းတုံ-မိုင်းခတ်သွား ကားလမ်းမ မိုင်တိုင်အမှတ် (၄၆/၃) နဲ့ (၄၆/၄) ကြားမှာ ရေကျော်မှုဖြစ်ပြီး လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေ အခက်တွေ့ခဲ့ရပါတယ်။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာလည်း တောင်ကလေးကျေးရွာ၊ မြိုင်ကလေးကျေးရွာ၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်တွေမှာ မိုးရွာသွန်းပြီး သစ်ပင်တွေ လဲကျခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာလည်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျလာတာကြောင့် အလယ်တန်းကျောင်းခွဲနဲ့ နေအိမ် ၃ လုံး အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျလာတာကြောင့် ပန်းတနော်မြို့နယ်၊ ကုလားအုတ်ကျေးရွာက အခြေခံပညာ အလယ်တန်းကျောင်းခွဲနဲ့ ရွှေဖလားကျွန်း ကျေးရွာကနေ အိမ် ၃ လုံးကို ဇူလိုင် ၉ ရက် ညနေက အရေးပေါ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းကာ ရေကြီး ရေလျှံ၊ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ရှိနေပြီး ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တွေမှာ လူသေအလောင်းတွေ မျောပါလာတာ ရှိတယ်လို့ ကျောက်တော်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“လူသေအလောင်းတွေ မျောလာတာ ရှိတယ်။ ဘယ်နေရာ ဘယ်ရွာကလဲ မသိရသေးဘူး။ ပြီးတော့ လတ်တလော အပေါက်ဝမှာ ရေစီးနဲ့အတူ ပျောက်သွားတဲ့ ကလေး ၂ ယောက် ရှိတယ်။ သေသလား ရှင်သလား မသိရသေးပါဘူး။”
အာရက္ခတပ်တော်ရဲ့ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ၇ ခုထက်မနည်းမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားနေပြီး သေဆုံးသူ ၃ ယောက်ထက်မနည်း ရှိတယ်လို့ ဇူလိုင် ၉ ရက်က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာလည်း အခုရက်ပိုင်း ရေကြီးရေလျှံမှုတွေ ဆက်တိုက်ရှိနေပြီး ရပ်ကွက်၊ ကျေးရွာ ၇၀ ထက်မနည်းမှာ ရေနစ်မြုပ်နေပါတယ်။










